အခွန်အများဆုံးဆောင်ခဲ့တဲ့ လုပ်ငန်းရှင်တွေကို သမ္မတဂုဏ်ပြု


2019.01.24
tax-award-622.jpg အခွန်အများဆုံးဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သမ္မတက ဂုဏ်ပြုလွှာပေးအပ်ခဲ့စဉ်
Photo: Myanmar President Office

ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ မှန်ကန်တဲ့ အခွန်ပေးဆောင် မှုတွေနဲ့ နိုင်ငံတော်အသုံးစရိတ်ကို တဖက်တလမ်းက ဖြည့်ဆည်းပေးတာဟာ အင်အားတရပ်ဖြစ်တယ်လို့ သမ္မတဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

နေပြည်တော် သမ္မတအိမ်တော်မှာ ဒီကနေ့ကျင်းပတဲ့ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူတွေကို ဂုဏ်ပြုပွဲမှာ အဲဒီလို ပြောခဲ့တာပါ။

သမ္မတက အစိုးရအနေနဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေး၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေးတို့အတွက် ဗဟိုချုပ်ကိုင်မှုတွေကို လျော့ချပြီး ပုဂ္ဂလိကဦးဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနေပေမယ့် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ မှန်ကန်တဲ့ အခွန်ပေးဆောင် မှုတွေဟာ အင်အားတရပ်ဖြစ်တယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ပြည်သူလူထုက ထည့်ဝင်ထားတဲ့ အခွန်အကောက်ရငွေတွေကို ထိထိရောက်ရောက် အလေအလွင့်မရှိ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။

ပွင့်လင်းမြင်သာပြီး ထိရောက်တဲ့ အခွန်စနစ်နဲ့ ပြည်တွင်းအခွန်ရရှိမှု တိုးမြှင့်ပြီး ဘဏ္ဍာငွေအရင်းအမြစ်တွေ တိုးမြင့်ဖို့ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ဂုဏ်ပြုပွဲမှာ သမ္မတဦးဝင်းမြင့်က ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၇ နှစ်ဆက်တိုက် ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့တဲ့ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ကို အထူးဂုဏ်ထူးဆောင်ဆုနဲ့ အထူးဂုဏ်ပြုမှတ်တမ်းလွှာတွေကို  ပေးအပ်ခဲ့ပါတယ်။

ဝင်ငွေခွန် အများဆုံး ပေးဆောင်သူထဲမှာ မတ်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအိုက်ထွန်း၊ CB ဘဏ် ဦးခင်မောင်အေး၊ မြန်မာ့သြဘာက  ဦးသတိုးဟိန်းစတဲ့ သူတွေပါဝင်သလို တပ်မတော်ပိုင် မြဝတီဘဏ်၊ Telenor မြန်မာ စတဲ့ အဖွဲ့အစည်းတွေလည်းပါဝင်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။