စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အနောက်မြောက်ဘက်က ရွာတွေကို စစ်ကောင်စီတပ်က အင်အား ခြောက်ဆယ်နီးပါးသုံးပြီး သြဂုတ်လ ၈ ရက် ဒီကနေ့မနက် စစ်ကြောင်းထိုးနေလို့ အရပ်သား သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေ့လယ် ၁၂ နာရီဝန်းကျင်က စီပါရွာကို စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီစီးနင်းမှုကြောင့် စီပါရွာနဲ့ အနီးအနားက ငပရင်း၊ ကျွဲသေချောင်း၊ ဆည်ကုန်း၊ ဆယ်ဝရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
ရုတ်တရက် ထွက်ပြေးရတာကြောင့် ဘာပစ္စည်းမှတောင် သယ်ယူချိန်မရလိုက်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခု အကုန်အရေးပေါ် ပြေးနေရတာပေါ့။ အနီးအနားက ရွာတွေရော။ ဘာမှတောင် မယူနိုင်ဘူး။ မနက်ကတည်းက ဝင်မွှေနေတာ။ မီးရှို့တာတွေတော့ မတွေ့သေးဘူး။ ဖမ်းခံရတာတွေလည်း ရှိ၊ မရှိ မသိသေးဘူး။ အခုနေ့လယ်ထိ မွှေနေတုန်းပဲ။”
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စစ်ကိုင်းတိုင်းမှာ နယ်မြေရှင်းလင်းရေး အရှိန်မြှင့်ဖို့လိုတဲ့အကြောင်း ဇူလိုင်လ ၁၃ ရက်က ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၁၅ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၇၇၈၉၀၀ ရှိပါတယ်။