ဘုတလင်မြို့ မီးသတ်ဦးစီးမှူး အပါအဝင် ၂၁ ဦးကို PDF က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ မီးသတ်ဦးစီးဌာနရုံးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်က ဩဂုတ်လ ၇ ရက် မနေ့ ညနေ ၃ နာရီမှာ ဝင်ရောက်စီးနင်းခဲ့ပြီး မီးသတ်ဦးစီးမှူး အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက အတည်ပြု ပြောဆိုပါတယ်။

စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်စီးနင်းတဲ့အခါ မီးတပ်တပ်ဖွဲ့က အရံအင်အားအနေနဲ့ ပါဝင်တာ၊ နေအိမ်မီးလောင်မှုတွေကို မီးငြှိမ်းသတ်ခြင်း မပြုတာတွေကြောင့် အခုလို ဖမ်းဆီးတာ ဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖမ်းဆီးထားသူ ၂၁ ဦးထဲမှာ အသက် နှစ်နှစ်အရွယ်ကနေ ဆယ်နှစ်အရွယ် ကလေးငယ် သုံးဦးပါပြီး ဖမ်းဆီးထားသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်မပြောပါဘူး။

သူတို့ကို လုံခြုံစိတ်ချတဲ့ နေရာမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့ ဘုတလင်အခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ ပြောနိုင်တာကတော့ မီးသတ်ရုံးကို ဝင်စီးတယ်။ မီးသတ်ကား နှစ်စီးယူခဲ့တယ်။ အနီးဝန်းကျင်မှာရှိတဲ့ သူတွေကို ဖမ်းပြီးခေါ်ခဲ့တယ်။ ဒါပဲ ပြောနိုင်သေးပါတယ်။ ခေါ်ခဲ့တာကတော့ မိသားစုတွေလည်းပါတယ်။ ကလေးရော၊ အမျိုးသား၊ အမျိုးသမီး လူကြီးရောဆိုရင် ၂၁ ဦးပါဗျ။ နာမည်တွေတော့ ပြောလို့မရသေးပါဘူး။ သူတို့ကိုတော့ ဘာမှမလုပ်ပါဘူး။ စိုးရိမ်စရာလည်း မရှိအောင် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ် ခင်ဗျ။”

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဘုတလင်မြို့ မီးသတ်ရုံးစီးနင်းခံရမှုမှာ မီးသတ်ဦးစီးမှူး ဦးကျော်စိုးပိုင်၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးစိုး မြတ်မင်း အပါအဝင် တပ်ကြပ်ကြီးရာထူးဖြစ်တဲ့ ဦးစိုးသူဝင်း၊ ဦးရန်မျိုးနိုင်၊ ဦးမြင့်နိုင်ထွန်း၊ ဦးခင်စောဦး၊ ဦးကျော်စန်းဝင်း၊ ဦးဟိန်းထက်စိုး၊ ဦးအောင်သူဌေး၊ တပ်ကြပ် ဦးဇော်ဝင်းမြင့်နဲ့ ဒုတပ်ကြပ် ဦးဝင်းမင်းထွေး ၁၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအပြင် မိသားစုဝင်တွေဖြစ်တဲ့ ဦးဆယ်ဟိန်း၊ ဦးတင်ထွန်းလင်း၊ ဦးချစ်ဆွေ၊ ဒေါ်မြင့်မြင့်အေး၊ မအေးစန္ဒာထွန်း၊ မမြင့်မြင့်လင်း၊ ဆယ်နှစ်အရွယ် မောင်နေရှင်းသန့်၊ ခုနစ်နှစ်အရွယ် မစုရီမွန်၊ နှစ်နှစ်အရွယ် မောင်ထက်ဝေယံနဲ့ နောက်ထပ် အမည်မသိ အမျိုးသမီးတစ်ဦး စုစုပေါင်း ဆယ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီတပ်ကတော့ အင်အား ခြောက်ဆယ်နီးပါးနဲ့ ဘုတလင်မြို့ အနောက်ဘက်ခြမ်း ကျေးရွာတွေကို သြဂုတ်လ ၈ ရက် ဒီကနေ့ မနက်မှာ နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ နယ်မြေရှင်းလင်းရေးကြောင့် စီပါရွာ၊ ငပရင်း၊ ကျွဲသေချောင်း၊ ဆည်ကုန်း၊ ဆယ်ဝရွာက ဒေသခံ သုံးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။