ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းက သရက်ပြင်ရွာမှာ မိုင်းနင်းမိပြီး ရိုဟင်ဂျာ မွတ်စလင် ကလေး နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီမိုင်းဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။
ရိုဟင်ဂျာ မွတ်စလင် ကလေးငယ် သုံးဦးဟာ ဘူးသီးတောင်မြို့နယ်တွင်းမှာရှိတဲ့ ချာကေရွာကနေ သရက်ပြင်ရွာကို အသီးသွားခူးရင်း မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရခိုင်ရွာမှာ သရက်သီးတွေ ဘာတွေ လိုက်ပြီးခူးတယ်လို့ ပြောသံကြားပါတယ်။ မိုင်းနင်းမိပြီး ပေါက်ကွဲတဲ့ အတွက် အဲဒါကြောင့် သေသွားတယ် သရက်ပြင်အုပ်စု ချာကေကျေးရွာကပါ ချာကေရွာဘက်က ဒီလောက် မဆိုးဘူး ရခိုင်တွေပဲ ဘူးသီးတောင်ဘက် နေကြတာပါခင်ဗျ။ ဘယ်သူထောင်လဲအဲဒါတော့ မသိပါဘူး။ တိုက်ပွဲက မကြာခဏ ဖြစ်တယ်လို့ကြားတယ်။ ကျနော်လည်း မသွားဘူး ဘူးသီးတောင်မှာပဲ"
သေဆုံးသွားတဲ့ ကလေးတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ချိန်မှာ သေဆုံးတာမှန်ကန်ကြောင်းနဲ့ ဘာသာစကား အခက်အခဲကြောင့် အသေးစိတ်ကို RFA က မေးလို့မရခဲ့ပါဘူး။ ရခိုင်အမျိုးသားပါတီ ANP က ဘူးသီးတောင် မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ သေဆုံးသွားတဲ့ ရိုဟင်ဂျာကလေး နှစ်ဦးမှာ ချာကေရွာက အသက် ၁၅ နှစ်အရွယ် အတူလာမီနဲ့ အသက် ၁ဝ နှစ်အရွယ် ရာဟတ်နာဟာတူတို့ ဖြစ်ကြပြီး၊ ဒဏ်ရာရခဲ့တဲ့ အသက် ၁ဝ နှစ်အရွယ် ကလေးကတော့ ဖုန်ညိုလိပ်ရွာ ၁ဝ ရပ်ကွက်က ဟာဒေကာဘေဘီ တို့ ဖြစ်တဲ့အကြောင်း ပြောပါတယ်။
"နှစ်ယောက်သေတယ်၊ နောက်တစ်ယောက်က ဟာဒေကာ ဘေဘီ အဖေနာမည်က အဘူဘိုရှော ၁၀ နှစ်၊ သူက ဖုန်ညိုလိပ် ၁၀ ရပ်ကွက်လို့ ပြောတယ်။ သူကတော့ ဒဏ်ရာရတယ်။ အခုအချိန်က သူ ဆေးရုံ တင်ထားရတယ်လို့ ပြောတယ်။"
ကလေး တစ်ဦးဟာ မိုင်းနင်းမိတဲ့နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ နောက်တစ်ဦးကတော့ ဆေးရုံကို အသွား လမ်းမှာတင် သေဆုံးခဲ့တာဖြစ်ပါတယ်။ အသက်မသေဘဲ ဒဏ်ရာရခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးကတော့ ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဖုန်ညိုလိပ်ရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"ကျနော်လည်း မသိဘူး ခရီးထွက်နေလို့။ ဖုန်ညိုလိပ်ခလေးတစ်ဦးပါတယ်။ အခုက ဆေးရုံမှာ မသေဘူး၊ သရက်ပြင်က နှစ်ယောက်ဆုံးသွားတာ သရက်ပြင် ရခိုင်ရွာမှာ ကွဲတာ"
လောလောဆယ် ဒီမိုင်းဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေရာမှာ မိုင်းဘယ်သူ ထောင်သလဲဆိုတာ သေဆုံးသွားတဲ့သူတွေရဲ့ ဆွေမျိုးတွေကို မေးရင် သိနိုင်ကြောင်း၊ ရခိုင်ရွာမှာ တပ်မတော်က မိုင်းထောင်ရင် မိုင်းထောင်နေပါတယ်လို့ ဝိုင်းဝန်းပြောကြမှာဖြစ်ကြောင်း၊ အဲဒီအနားက မွတ်စလင်ရွာမှာ အရင်ကလည်း ဖြစ်စဉ်တွေရှိခဲ့ဖူးကြောင်း၊ AA မိုင်းလာထောင်ရင်း ရွာသားတွေနဲ့ ပြဿနာဖြစ်ခဲ့ဖူးကြောင်း RFA ကို ပြောကြားပါတယ်။
ရက္ခိုင့်တပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာ - ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲ ဖြစ်တာ မရှိကြောင်း၊ သရက်ပြင်ရွာဟာ ရွာဟောင်းဖြစ်ပြီး အရင်က တပ်မတော်ကနေ ထောင်ခဲ့တဲ့ မိုင်းတွေ ဖြစ်ကြောင်းနဲ့ မရှင်းလင်းရသေးတဲ့အတွက် လက်ကျန်မိုင်းတွေဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ကလေးတွေနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ပေးဖို့ ဖေဖော်ဝါရီလမှာ ကြေညာချက် ထုတ်ပြီး တိုက်တွန်းခဲ့ဖူးပါတယ်။ နိုင်ငံတကာ ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ Save the Children ကလည်း ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ဟာ ကျင့်ဝတ်အရသာမက၊ ဥပဒေအရပါ လိုက်နာရမယ့်တာဝန်ဖြစ်တယ် လို့ သတိပေးခဲ့ဖူးပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် သရက်ပြင်ရွာက လူဦးရေ ၂၀၀ ကျော်လောက်ဟာ ရွာမှာမနေရဲဘဲ ဘူးသီးတောင် မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတာ ခြောက်လလောက် ရှိနေပြီလို့ ပြောပါတယ်။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဧပြီလကနေ ဒီနေ့ မေလ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့ တိုက်ပွဲတွေအကြား အရပ်သား သေဆုံးမှု ၄၇ ဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရမှုက ၈၈ ဦးအထိ ရှိနေပါတယ်။