အေပီ သတင်းပြောသလို အစုအပြုံလိုက် မြှုပ်နှံထားတာ မတွေ့ရဟု ဆို

0:00 / 0:00

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက ဂူတာပြင်ရွာအနားမှာ နေရာငါးနေရာထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတယ်လို့ အေပီ သတင်းဌာနက ထုတ်ပြန်ခဲ့ပေမယ့် အဲဒီနေရာတွေကို ဒီနေ့နေ့လည်ပိုင်းက သွားရောက်စိစစ်တဲ့အခါ အလောင်းတွေ မြှုပ်နှံထားတာ မတေ့ွရဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက RFA ကို ပြောပါတယ်။

AP သတင်းဌာနရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ စစ်ဆေးနိုင်ဖို့အတွက် ဘူးသီးတောင် စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းပြီး ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေ၊ ဘူးသီးတောင် ရပ်မိရပ်ဖိတွေအပြင် ကျေးရွာတာဝန်ခံတွေနဲ့ အဲဒီနေရာတွေကို သွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဂူတာပြင် အနီးတဝိုက်က ရွာတွေမှာ ဆက်လက်စစ်ဆေးနေဆဲပဲလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

AP သတင်းဌာနက ဖော်ပြထားတဲ့ မိုဘိုင်းဖုန်းက ဓါတ်ပုံတွေကို မြန်မာအစိုးရဘက်က သေချာစိစစ်နိုင်ခွင့်ရှိဖို့ လိုမယ်လို့ ပြောပါတယ်။ AP သတင်းဌာနကတော့ ဂူဒါပြင်ရွာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာ ၅ ခုထက်မနည်း တွေ့ရကြောင်း အသတ်ခံရသူ ၄၀၀ နီးပါးရှိတယ်ဆိုတာ အတည်ပြုလို့ရကြောင်း ဖေါ်ပြထားတာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ လူပေါင်း ၂ ဒါဇင်ကျော်ကို တွေ့ဆုံမေးမြန်းထားတာဖြစ်ပြီး လက်ကိုင်ဖုန်းတွေနဲ့ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ စစ်တပ်နဲ့ ဒေသခံ တိုင်းရင်းသားရွာသားတွေက သြဂုတ်လထဲမှာ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

AP သတင်းဌာနရဲ့ ဖော်ပြချက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ စတီဖင် ဒူးဂျားရစ် Stéphane Dujarric က ကုလသမဂ္ဂအနေနဲ့ အထူးစိုးရိမ်မိကြောင်း၊ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့တွေ၊ ပြင်ပသတင်းဌာနတွေကို အဲဒီဒေသကို သွားခွင့်ကြည့်ရှုခွင့်ပေးဖို့အပြင် ထိထိရောက်ရောက် စုံစမ်းစစ်ဆေးခွင့်ပြုဖို့ မြန်မာအစိုးရကို မနေ့က ပြောပါတယ်။

ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA က မသင်းသီရိ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။