ဘုရားပရိဝုဏ်မှာ တပ်မစွဲကြဖို့ ဘူးသီးတောင် သံဃနာယကအဖွဲ့ တောင်းဆို

2019-10-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာက သုံးဆယ့်တစ်ဘုံစေတီကို တွေ့ရစဉ်
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာက သုံးဆယ့်တစ်ဘုံစေတီကို တွေ့ရစဉ်
ဓါတ်ပုံ - မင်သိန်းအောင်/ RFA

ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာမှာရှိတဲ့ သုံးဆယ်တစ်ဘုံဘုရား ပရိဝုဏ်အတွင်း တပ်မတော်ဘက်က တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒီလိုတပ်မတော်က တပ်စွဲတာကြောင့် ဘုရားပရိဝုဏ် ပစ်ခတ် တိုက်ခိုက်ခံရပြီး ရှေးဟောင်းသမိုင်းဝင် သုံးဆယ်တစ်ဘုံဘုရားရဲ့ ရင်ပြင်မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ၊ သာသနိက အဆောက်အအုံတွေ ပျက်စီးတယ်လို့ ဘူးသီးတောင်မြို့နယ် သံဃနာယက ဆရာတော် ဦးတေဇော ဘာသက မိန့်ပါတယ်။

သာသနာ့မြေပေါ်မှာ တပ်စွဲတာတွေ မရှိသင့်တာကြောင့် ပြည်နယ်အစိုးရအဖွဲ့ဆီ စာတင်ထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

"အဲဘုရားမှာ တပ်ကနေပြီးတော့ အဲနားမှာတပ်စွဲထားတယ်၊ ဘုရားတွေကသိသိသာသာကိုပျက်စီးနေတယ်၊ အဲမှာဗုံးသီးတွေကျ၊ ဘုရားတွေပျက်စီးယိုယွင်းနေတယ်အဲတော့ဘုန်းကြီးတို့က ဒီနားမှာတပ်တွေမနေဖို့ နောက်တနေရာမှာရွေပြီးနေဖိ့ု ဘုရားရဲ့ပရဝုဏ်အတွင်းမှာနေတာတော့မသင့်တော်ဘူးလို့ ဦးဇင်းတို့မြင်တယ်၊ အဲဒါကြောင့် ဘုန်းကြီးတို့က စာတင်တာ"

အဲဒီစေတီဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နွားရုံတောင်၊ ဥယျာဉ်သာ စတဲ့ ကျေးရွာတွေ အနီးနားမှာရှိတာဖြစ်ပါတယ်။

တပ်မတော်က ပြီးခဲ့တဲ့လပိုင်းတွေက AA နဲ့ တိုက်ပွဲတွေဖြစ်ပွားကတည်းက တပ်စွဲတာတွေ၊ နားခိုတာတွေ ပြုလုပ်လေ့ရှိတယ်လို့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ ဖြစ်တဲ့ ဘူးသီးတောင်မြိုနယ်ရဲ့ ကိုယ်စားလှယ် ဦးမောင်ကျော်စံက ပြောပါတယ်။

"အရင်တုန်းကလည်း အဲဒီမှာ နွေရာသီ မတ်လတို့ ဆောင်းတွင်းမှာလည်း စစ်ကြောင်းလာရင် ဒီနေရာမှာပဲ တပ်စွဲတယ်လေ၊ တပ်မစွဲ အဝေးကနေ သူတို့က အရင်လှမ်းပစ်တာ လှမ်းပစ်ပြီးမှ ဘုရားကုန်းမှာ နေရာယူကြတာ၊ နေရာယူပြီးတော့ အဲဒီမှာ လက်နက်ကြီးတွေ ကျည်ဆံတွေ ဗုံးသီးတွေတောင် သူတင်ထားတဲ့နေရာမှာ ပါတယ် ဦးတို့လည်း နွေရာသီတုန်းက တပ်ထွက်သွားတဲ့အချိန်တုန်းက သွားကြည့်သေးတယ်လေ ၊ အခုသွားလို့လည်း မရတော့ဘူး သွားခွင့်လည်း မပေးတော့ဘူးလေ"

ဒီနေရာတဝိုက်မှာရှိတဲ့ နွားယုံတောင်၊ ဥယျာဉ်သာစတဲ့ကျေးရွာ ခုနှစ်ရွာလောက်က ဒေသခံတွေဟာလည်း ကျေးရွာတွေထဲ မနေရဲကြဘဲ ထွက်ပြေးနေကြရတယ်လို့ ဦးမောင်ကျော်စံက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့ စာက ဝန်ကြီးချုပ်ကို လိပ်မူထားတာကြောင့် ဝန်ကြီးချုပ်ကို မေးမြန်းဖို့ ပြောပါတယ်။

"ဒါက ဝန်ကြီးချုပ်ကို လိပ်မှုပြီး ပို့ထားတဲ့စာဖြစ်တော့ ဝန်ကြီးချုပ် သဘောထားပေါ့ ဝန်းကြီးချုပ်ကို မေးမှသိမယ်၊ ဒီစာက ကျနော်လည်း ဖတ်ရတဲ့စာမဟုတ်ဘူးလေ"

ဒီသုံးဆယ်တစ်ဘုံဘုရားမှာ တပ်မတော်က တပ်စွဲထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ သူတို့တပ်စွဲတာဟာ ဘုရားနဲ့ဝေး တယ်လို့ RFA ကိုပြောပါတယ်။

"သုံးဆယ်တစ်ဘုံကနေဆိုရင် ကျနော်တို့ဝေးပါတယ်၊ ဘာလက်နက်ကြီးမှ မရှိပါဘူး၊ အရင်တုန်းက အဲနားမှာ ရဲကင်းစခန်းတစ်ခုရှိတယ်၊ အဲနားမှာ ကုလားရွာတွေရှိတယ် အဲဒါကြောင့် ကုလားနဲ့ရခိုင် လူမျိုးရေးပြဿနာတွေဖြစ်မှာစိုးလို့ ကျနော်တို့တပ်တွေ ချထားတာ၊ ရဲတွေမလုပ်နိုင်လို့ ကျနော်တိ့ုကနေ လုံခြုံရေးယူပေးထားတာ၊ အဲအဖွဲ့တွေပဲ ရှိတယ်၊ အဲနားကနေ ဘာလက်နက်ကြီးမှ မပစ်ဘူး၊ ဒါကတမင်ကို ကျနော်တပ်တွေမရှိအောင် AAကနောက်ကနေ မီးထိုးတာဖြစ်မယ် ဘာလို့လည်းဆိုတော့ အဲနားရွာတွေက AAကို လုံးဝထောက်ခံပေးတဲ့ရွာတွေလေ"

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ နှစ်ဘက်အဖွဲ့တွေအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ လူနေကျေးရွာရပ်ကွက်တွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်တာ မလုပ်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီမံ ဆောင်ရွက်ပေးသင့်ကြောင်း တိုက်တွန်းတဲ့အဆိုကို စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး အတည်ပြုထားပါတယ်။

ဒီလို လွှတ်တော်မှာ အတည်ပြုထားပေမယ့်လည်း ပြည်နယ်အစိုးရဘက်ကတော့ အကောင်ထည်ဖော် ဆောင်ရွက်တာမရှိဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဝေဖန်ကြပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့