ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအတွင်း မဲရုံ ၉၀၀ ကျော် ထားရှိမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေတဲ့ ပြည်သူ့ လွှတ်တော် ၄ နေရာနဲ့ အမျိုးသား လွှတ်တော် တစ်နေရာ အတွက် မဲရုံပေါင်း ၉၀၀ ကျော် ထားရှိသွားမယ်လို့ သိရ ပါတယ်။
-
2017-02-15 -
-
-
ရန်ကုန်တိုင်းဒေသကြီးအတွင်း လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် ၄ နေရာနဲ့ အမျိုးသားလွှတ်တော် တစ်နေရာအတွက် မဲရုံပေါင်း ၉၀၀ ကျော် ထားရှိသွားမယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဝင်းက လစ်လပ် မဲဆန္ဒနယ် ၅နေရာမှာပါတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ မဲရုံပေါင်း ၉၀၀ ကျော် ထားသွားမယ်လို့ ပြောတာဖြစ်ပါတယ်။
"ရန်ကုန်တိုင်း ၁၁ မြို့နယ်ပေါ့ ပြည်သူ့လွှတ်တော် ၄ နေရာနဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ အတွက် မြို့နယ်အားဖြင့် ၁၁ မြို့နယ်ပါပါတယ်၊ အားလုံးမဲရုံကတော့ ၉၄၂ ရုံရှိပါတယ်၊ မဲရုံတည်နေရာတွေလည်း အားလုံသတ်မှတ်ထားပြီးဖြစ်ပါတယ်"
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၁၄ ရက်နေ့ အထိ ကြေညာထားပါတယ်။
ရန်ကုန်တိုင်းအတွင်း အဲဒီမဲပေးခွင့်ရှိသူစာရင်းမှာ မပါဝင်တာကြောင့် ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ ၁၅၀၀ နီးပါးရှိပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် က လျှောက်ထားသူ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအတွင်း မဲပေးနိုင်တဲ့ မဲပေးခွင့်ရှိသူ ၉ သိန်းကျော်ရှိပြီး သတ်မှတ် ကာလအတွင်း လာရောက်ကြည့်ရှုသူ ၇ သောင်းကျော်သာရှိတဲ့အတွက် မဲစာရင်းကြည့်ရှုစစ်ဆေးသူ နည်းနေသေးတယ်လို့လည်း ဦးတင်ဝင်းက ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို မတ်လ ၁၇ ရက်နေ့မှာ ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး မဲစာရင်းမှာ မပါဝင်သူ၊ အမည်စာရင်း မှားယွင်းသူတွေအနေနဲ့ မတ်လ ၁၇ ရက်နေ့ မတိုင်မီ လာရောက်ပြင် ဆင်နိုင်တယ်လို့ သိရပါတယ်။