မဲဆန္ဒနယ်အတွင်းက ကြိုတင်မဲပေးမယ့်သူစာရင်းကို ၁ဝ ရက်ကြာ ကောက်ယူမည်
2017.03.11
မဲပေးပုံ အဆင့်ဆင့်ကို သိရှိစေဖို့အတွက် ရွေးကောက်ပွဲ စောင့်ကြည့်လေလာရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Rain Maker အဖွဲ့ဟာ မတ်လ ၇ ရက်နေ့က ရွေးကောက်ပွဲ အသိပညာပေးရေး ဆောင်ရွက်နေတာကို တွေ့ရစဉ်
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ဧပြီ ၁ ရက်နေ့မှာ ကြိုတင်မဲပေးမယ့်သူစာရင်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးက လာမယ့် မတ်လ ၂၂ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကောက်ယူသွားမယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကာလအတွင်း တာဝန်ကျမယ့်ဝန်ထမ်းတွေနဲ့ နာမကျန်းသူတွေ ကြိုတင်မဲပေးရမှာဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။
"မဲဆန္ဒနယ်မြေအတွင်းမှာ ကြိုတင်မဲပေးတာ အုပ်စု ၂ ခုရှိတယ်၊ ရွေးကောက်ပွဲနေ့မှာ တာဝန်ကျတဲ့ လုံခြုံရေးရဲဝန်ထမ်းတွေ တပ်မတော်သားတွေ၊ ရွေးကောက်ပွဲအဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေကတော့ ၁၀ ရက် ကြိုတင်မဲပေးခွင့်ရှိပါတယ်။ သူတို့က မတ်လ ၂၂ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၁၀ ရက်မှာ မဲပေးခွင့် ရှိပါတယ်"
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်အတွင်း နာမကျန်းသူတွေ သက်ကြီးရွယ်အိုတွေ စာရင်းကို မတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့အထိ နှစ်ရက်ဆက်တိုက် ကောက်ယူမှာဖြစ်ပါတယ်။
ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ နဲ့ မဲပေးဖို့လျှောက်ထား သူ ပြည်ပရောက် မြန်မာနိုင်ငံသား ၃၅၇ ဦးရှိတဲ့အထဲက ၃၃၉ဦးသာ မဲပေးခွင့်ရှိတာဖြစ်ပြီး မဲပေးဖို့ ပျက်ကွက်သူ ၇၃ ဦး ရှိတယ်လို့ သိရပါတယ်။
အဲဒီကြိုတင်မဲတွေဟာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောက်ရှိနေတဲ့ လစ်လပ်မဲဆန္ဒနယ်တွေက မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲတွေဖြစ်ပါတယ်။ အဲဒီဆန္ဒမဲတွေကို သက်ဆိုင်ရာသံရုံးတွေက နိုင်ငံခြားရေးဝန်ကြီးဌာနထံ လွဲှပြောင်းပေး ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မနေ့က ပြန်လည်လွဲှပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃ နေရာနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၉ နေရာ လစ်လပ်နေတာဖြစ်ပါတယ်။









