မဲပေးခွင့်ရှိသူစာရင်း ကြည့်ရှုသူ နည်းနေကြောင်း ရွေးကောက် ပွဲကော်မရှင် ထုတ်ပြန်
2017.02.11
မွန်ပြည်နယ်အတွင်း မဲစာရင်းကြည့်နေသူတစ်ဦးကို ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်
လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ နေရာအတွက် ထုတ်ပြန်ကြေညာထားတဲ့ အခြေခံမဲပေးခွင့်ရှိသူ စာရင်းတွေကို တစ်ပတ်အတွင်း လာရောက်ကြည့်ရှုစစ်ဆေးသူ ၆ ရာခိုင်နှုန်းသာရှိတာကြောင့် ကြည့်ရှုသူနည်းနေတာကြောင့် တစ်အိမ်တစ်ယောက်နှုန်း အနည်းဆုံးလာကြည့်ကြဖို့ မေတ္တာရပ်ခံကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခြေခံမဲပေးခွင့်ရှိသူစာရင်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၁၄ ရက်နေ့အထိ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေမှာ အသိပေးကြေညာတာ ဖြစ် ပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာလည်း အခြေခံမဲစာရင်းလာရောက် ကြည့်ရှုသူအားနည်းပြီး ရှမ်းတိုင်းရင်းသားအများ စုနေထိုင်တဲ့ ကျေးရွာတွေမှာဆိုရင် မြန်မာစာမတတ်တဲ့အတွက် မဲစာရင်းကြည့်ရှုပြီး မှားနေတာတွေ ပြင်ဆင်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့်က ပြောပါတယ်။
"တကယ်လည်း ဟုတ်တယ်။ မဲစာရင်းလာကြည့်တဲ့သူက နည်းတယ်။ နောက်ပြီးတော့ အခက်အခဲရှိတာ က ကျနော်တို့ ရှမ်းရွာတွေဆိုရင် ဗမာစာမတတ်ကြဘူးဗျ။ အဲတော့ ဒီရပ်ကွက်ထဲ ကျေးရွာထဲမှာ နားလည်တဲ့သူက မဲစာရင်းလိုက်တိုက်တဲ့ ပုံစံမျိုးလောက်ထိကို လုပ်နိုင်မှပဲ အတိအကျရမယ် လို့တော့ မြင်တယ်လေ။ ဒီလောက်ထိ လုပ်ဖို့ကျတော့လည်း လူအင်အားအရမ်းလိုတော့ ကျနော်တို့တော့ အတက်နိုင်ဆုံးလုပ်တော့ လုပ်နေတယ်ပေါ့လေ။"
အဲဒီလို ကြေညာပေးထားရာမှာ အခုလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူဟာ မဲဆန္ဒရှင်အရေအတွက် စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းခန့်သာရှိတယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မဲပေးခွင့်ရှိသူစာရင်းမှာ အမည်မပါတာကြောင့် ထည့်သွင်းပေးဖို့ တင်ပြသူ ၂ ဒသမ ၇ ရာခိုင်နှုန်း၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတာကြောင့် ပယ်ဖျက်ပေးဖို့ တင်ပြသူ ၀ ဒသမ ၅ ရာခိုင်နှုန်း၊ မဲစာရင်းအချက် အလက်တွေ မှားနေတာကြောင့် ပြင်ဆင်ပေးဖို့တင်ပြသူ ၁ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့လည်း ပါရှိပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် ၊ ပဲခူးတိုင်းနဲ့ ကယားပြည်နယ်တွေက လစ်လပ်မဲဆန္ဒနယ် ၁၉ ခုမှာ ကျင်းပမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၂ သန်း ရှိတယ်လို့ သိရပါတယ်။









