စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၇ ရက်ကနေ ၈ ရက်အထိ မြန်မာနိုင်ငံကို လာရောက်မယ့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့ခရီးစဉ်အတွင်း အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမှာမဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ပြောပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရမလားဆိုတဲ့ RFA ရဲ့ မေးမြန်းမှုကို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇန်နဝါရီ ၄ ရက် ဒီကနေ့ ပြောခဲ့တာပါ။
“ညှိနှိုင်းတွေ့ဆုံရေးကို သွားတဲ့အချိန်မှာ နိုင်ငံရေးပါတီနဲ့ ပတ်သက်ပြီး ပါတီကို ကိုယ်စားပြုတဲ့သူတွေ တွေ့ဆုံဆွေးနွေးလို့ရမယ်၊ တရားဥပဒေ ရင်ဆိုင်နေရဆဲ သူတွေကတော့ ကျနော်တို့တွေ့ဆုံပေးဖို့ အကန့် အသတ်ရှိတယ်၊ ပုဂ္ဂိုလ်တစ်ဦးချင်း အနေနဲ့လည်း တွေ့ဆုံပေးဖို့ အကန့်အသတ်ရှိပါတယ်”
ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၂ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
မစ္စတာဟွန်ဆန်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် အဖမ်းခံထား ရတဲ့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားသလား ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျ ဘရူနိုင်းနိုင်ငံက ခန့်အပ်ခဲ့တဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုကိုလည်း စစ်ကောင်စီဘက်က ပယ်ချထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဟွန်ဆန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းမယ်လို့လည်း မထင်သလို စစ်ကောင်စီဘက်ကလည်း ပေးမယ် မထင်ဘူးလို့ သုံးသပ်ပါတယ်။
မစ္စတာဟွန်ဆန်ရဲ့ ဒီခရီးစဉ်မှာ ဘာမျှော်လင့်ချက်မှ ထားဖို့မလိုသလို ကမ္ဘောဒီးယားသံရုံးအနီး ဗုံးပေါက်ကွဲ ခဲ့တာကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူတွေက ဟွန်ဆန်ကို မကြိုဆိုဘူးဆိုတာ ဖော်ပြလိုက်တာပဲလို့လည်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။
ဒီဇင်ဘာ ၃၁ ရက်မနက်ပိုင်းက ရန်ကုန်မြို့ ကမ္ဘောဒီးယားသံရုံးအနီးမှာ ဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့ပေမယ့် အခုလာမယ့် သောကြာနေ့မှာ မစ္စတာ ဟွန်ဆန်ရဲ့ မြန်မာပြည် ခရီးစဉ်ကတော့ အပြောင်းအလဲ မရှိနိုင်ဘူးလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Koy Kuong က သတင်းဌာနတွေကို ပြောထားပါတယ်။
မစ္စတာ ဟွန်ဆန်နဲ့ ခရီးစဉ်အတွင်း အာဆီယံဘုံသဘောတူညီချက် (၅) ချက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ ထည့်သွင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ စစ်ကောင်စီဘက်ကပြောပေမယ့် အသေးစိတ်ကို တိတိကျကျ မသိရသေးပါဘူး။