ဇန်နဝါရီ ၁ ရက်နေ့ကစလို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သစ် ပရတ်ဆိုခွန်း (Prak Sokhonn) တို့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံ က အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားချက်မဟုတ်ဘဲ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တရားဝင် အသိအမှတ် ပြုတာမျိုးဆိုရင် ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီး ဒေါက်တာဆာဆာက သတိပေးလိုက်ပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် လာရောက်တာ မဟုတ်ဘဲ စစ်ခေါင်းဆောင်ရဲ့ သွေးစွန်းနေတဲ့လက်ကို လက်ဆွဲနှုတ်ဆက်ဖို့ဆိုရင် လုံးဝ လက်မခံနိုင်ဘူးလို့ ဇန်နဝါရီ ၃ ရက်နေ့က လုပ်တဲ့ သတင်းစာ ရှင်းပွဲအတွင်း ဒေါက်တာဆာဆာက ထုတ်ပြောသွားပါတယ်။
“ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်အရ ကျနော်တို့ အားလုံးသိထားရမှာက ပထမအဆင့်အနေနဲ့ ဒါက အာဆီယံ အဆင့်ဖြစ်တယ်။ သူက အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို မလိုက်နာဘဲ အာဆီယံကို ကိုယ်စားပြုလို့ မရဘူး။ အဲဒီတော့ သူမလာခင် ကျနော်တို့ တောင်းဆိုချင်တာက သူက အာဆီယံကို ကိုယ်စား ပြုမှာလား၊ ကမ္ဘောဒီးယားကို ကိုယ်စားပြုမှာလား၊ သူ့ကိုယ်သူပဲ ကိုယ်စားပြုမှာ လားဆိုတာ မြန်မာပြည်မလာခင် သူ့ကိုယ်သူ ဖြေရမှာဖြစ်တယ်။ သူက အာဆီယံကို ကိုယ်စားပြုရင် အာဆီယံရဲ့ လူတွေကို ပြောဆိုရမယ်။ မြန်မာပြည်သူတွေအတွက် လာတယ်ဆိုရင် မြန်မာပြည်သူတွေ ပါဝင်မှုရှိရမယ်။ ဒါမှမဟုတ် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိတ်ဆွေအနေနဲ့ ဆိုရင်တော့ သူ့သမိုင်း သူရေး ရမယ်။ မြန်မာပြည်သူတွေ ကတော့ သူတို့ကိုယ်သူတို့ပဲ ကိုယ်စားပြုပြီး မင်းအောင်လှိုင်ရဲ့ သွေးစွန်းတဲ့ လက်ကို လက်ဆွဲနှုတ်ဆက်တဲ့ ခရီးစဉ်အတွက်ပဲဆိုရင် လက်ခံလိမ့်မှာ မဟုတ်ဘူး။ လက်ခံဖို့ ကောင်းတဲ့ အရာလည်း မဟုတ်ဘူး”
ကမ္ဘောဒီးယားအနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်အောင် အမှန်တကယ် ကြိုးစားမယ်ဆိုရင် သူ့တစ်နိုင်ငံတည်း လုပ်ဆောင်လို့မရဘဲ ကျန်တဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အတူ ညှိနှိုင်း ဆောင်ရွက် ရမယ်လို့လည်း ဒေါက်တာဆာဆာက ပြောပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပရတ်ဆိုခွန်းတို့ဟာ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတာပါ။
မစ္စတာဟွန်ဆန်က တရားစွဲ ထောင်ချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့၊ တွေ့ဆိုတဲ့ကိစ္စကလည်း မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နိုင်ငံတကာ သံတမန်တွေကို အကျဉ်းကျခံရ သူတွေနဲ့ ပေးတွေ့ဖို့ဆိုတာ ဘယ်နိုင်ငံမှာမှ ထုံစံမရှိဘူးလို့ RFA ကို ပြောပါတယ်။
“ပုံမှန်အတိုင်း ခရီးစဉ်ဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်း၊ မတောင်းတော့ မသိဘူး။ ကျနော်တို့ ပြောပြီးသားဖြစ်ပါတယ်။ သက်ဆိုင်သူအားလုံးနဲ့ တွေ့ပေးပါမယ်။ တရားရင်ဆိုင်နေရတဲ့ သူတွေနဲ့ တွေ့ခွင့်ပေးတာ၊ အချုပ်ကျ ခံထားရသူတွေနဲ့ တွေ့ခွင့်ပေးတာ၊ ထောင်ကျခံထားရတဲ့ သူတွေနဲ့ တွေ့ခွင့်ပေးတာ ဆိုတာ ဘယ်နိုင်ငံကမှ ထုံးစံ မရှိပါဘူး။ ဘယ်နိုင်ငံမှာရော ထုံးစံရှိလဲ။ ရှိရင်လည်း ကျနော့်ကို ထုတ်ပြပါလို့ပဲ ပြောချင်တယ်”
အာဆီယံအရေး ကျွမ်းကျင်သူ ဒေါ်မိုးသူဇာ ကတော့ မစ္စတာဟွန်ဆန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အာဆီယံ ဥက္ကဋ္ဌတာဝန်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဆိုတဲ့ တာဝန်တွေကို လှည့်ပတ် ကစားသွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။
"မစ္စတာဟွန်ဆန်အနေနဲ့က ကမ္ဘောဒီးယားနိုင်ငံ ခေါင်းဆောင်လည်း ဖြစ်တယ်။ ဒီ ၂၀၂၂ ခုနှစ် အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌလည်းဖြစ်တယ်။ အဲတော့ သူ့ရဲ့တာဝန်က နှစ်ခု ဒွန်တွဲနေတယ်လို့ ပြောလို့ ရတာပေါ့။ အာဆီယံကို ကိုယ်စားပြုပြီးသွားတာ မဟုတ်တောင်မှ သူဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ခေါင်းစည်းရှိနေတဲ့အတွက် မြန်မာနိုင်ငံကို သွားဆွေးနွေးတာဟာ အာဆီယံ ကိစ္စလည်းပါမှာပေါ့။ သူ့ရဲ့ ကမ္ဘောဒီးယား ခေါင်းအနေအထားရော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အနေအထားကိုရော နှစ်မျိုးစလုံး သူလှည့်ပြီး ကစားသွားမယ့်ပုံစံမျိုးတော့ ပေါ်နေတာပေါ့"
မြန်မာဟာ အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ ပြန်လည်တက်ရောက်ခွင့် ရသင့်တယ်၊ အာဆီယံ နိုင်ငံ တစ်ခုကို အခြားနိုင်ငံတစ်ခုက အပြစ်ပေးတာမျိုးတွေ လုပ်ခွင့်မရှိကြောင်း အာဆီယံ ဥက္ကဋ္ဌမဖြစ်ခင် ရက်ပိုင်း အလို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ မစ္စတာဟွန်ဆန်က ပြောဆိုခဲ့ဖူးပါတယ်။
"ဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ထူးခြားစရာ ရှိရင်တော့ စကစရဲ့ မူဝါဒတွေကို အားပေးတဲ့ ဘက်ကနေသာ ထူးခြားစရာရှိမယ်"
အဲဒီလိုပြောပြီး သိပ်မကြာခင်မှာပဲ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို လာရောက်မယ့် အကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေကို တရားဝင် ကြေညာခဲ့တာပါ။ ဒီနောက်မှာတော့ ကိုယ်တိုင် အာဏာရှင်တစ်ဦးဖြစ်တဲ့ မစ္စတာဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ကြိုတင်ဝေဖန် ထောက်ပြချက်တွေ ပြည်တွင်းရော ပြည်ပမှာပါ ထွက်ပေါ်ခဲ့ပါတယ်။
ဒါ့ကြောင့် မစ္စတာဟွန်ဆန်က သူ့ခရီးစဉ်မတိုင်ခင် ဇန်နဝါရီ ၄ ရက်နေ့မှာ အာဆီယံ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဝန်ကြီးချုပ် ဂျိုကိုဝီဒိုဒိုနဲ့ အွန်လိုင်းက တဆင့်ဆွေးနွေးခဲ့ပြီး "မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် သင့်တော်တဲ့ အဖြေရဖို့ အာဆီယံရဲ့ ကူညီမှုကို အလေးအနက်ထားသင့်ကြောင်း၊ ဒီကိစ္စဟာ အရေးကြီးကြောင်း ခေါင်းဆောင် နှစ်ဦး ဆွေးနွေးခဲ့တယ်" လို့ ကမ္ဘောဒီးယားအခြေစိုက် The Phnom Penh Post က ရေးသားဖော်ပြခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ မစ္စတာဟွန်ဆန်ရဲ့ခရီးစဉ်ဟာ စစ်ကောင်စီ အတွက်သာ ထူးခြားနိုင်ပြီး ပြည်သူတွေအတွက် ဘာမှမျှော်လင့်စရာ မရှိဘူးလို့ မှတ်ချက်ပေးပါတယ်။
“ဒီဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ထူးခြားစရာ ရှိရင်တော့ စကစရဲ့ မူဝါဒတွေကို အားပေးတဲ့ ဘက်ကနေသာ ထူးခြားစရာရှိမယ် ကျန်တဲ့ပြည်သူလူထု ဘက်ကတော့ ဟွန်ဆန်ရဲ့ ခရီးစဉ်ကရစရာ အကြောင်းမရှိဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဟွန်ဆန်က စစ်ကောင်စီဥက္ကဋ္ဌကို အာဆီယံမှာ ပြန်ဝင်ဖို့ ကြိုးစားမယ့် သဘောရှိတယ်လို့ ကျနော်တို့က မြင်ပြီးသားဖြစ်နေလို့၊ PDF တွေတော့ အခု ကမ္ဘောဒီးယား သံရုံးနားတောင် ဗုံးနှစ်လုံးကွဲတယ်ဆိုတော့ လုံခြုံရေးအရ အထူးဂရုစိုက်ရမယ့် အနေအထားဖြစ်တယ်၊ ဒါက ဘာကိုဖော်ပြသလဲဆိုတော့ ကမ္ဘောဒီးယား ဟွန်ဆန်ရဲ့ ခရီးစဉ်ကို ကျနော်တို့ ပြည်သူလူထုက မကြိုဆိုဘူးဆိုတာကို ဖော်ပြလိုက်တာပဲ ”
ပျဉ်းမနား တော်လှန်ရေးတပ်မတော် (PRA) ကတော့ စစ်ကောင်စီကို အသိအမှတ်ပြုပြီး လာရောက် တွေ့ဆုံမယ့် ဘယ်နိုင်ငံတကာ သံတမန်တွေရဲ့ လုံခြုံရေးကိုမှ တာဝန်မယူဘူးဆိုပြီး ဒီဇင်ဘာ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် သတိပေးထားပါတယ်။
ဒါဟာ ခြိမ်းခြောက်မှုမဟုတ်ဘဲ PDF တွေဟာ အကြမ်းဖက် ကျူးလွန်နေတယ်ဆိုတာမျိုး နိုင်ငံတကာက အထင်အမြင်လွဲအောင် စစ်တပ်ဘက်က လုပ်ကြံဖန်တီးလာနိုင်တာမို့လို့ လာမတွေ့ကြဖို့ အကြံပြု တိုက်တွန်းတာလို့ PRA ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေးချမ်းက RFA ကိုပြောပါတယ်။
“ အဓိကရည်ရွယ်ချက်ကတော့ အဲလို ခြမ်းခြောက်တာ မဟုတ်ဘူးပေါ့နော်၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ လာတွေ့မယ်လို့ ပြောလာ တယ်ပေါ့၊ ဒီလိုမျိုး အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ဘယ်လိုမှ ဖြောင်းဖျလို့လည်း မရနိုင်ဘူး၊ လာဆွေးနွေးဖို့ ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒီလိုကျင့်ဝတ်မရှိတဲ့ စစ်ကောင်စီက ဘာမဆိုလုပ်နိုင်တယ်၊ သူတို့အနေနဲ့ ဒီလိုသံတွေကို လုပ်ကြံလိုက်တာမျိုးလည်း လုပ်နိုင်တယ်၊ လုပ်ကြံ ပြီးသွားတော့မှ ကျနော်တို့လို တော်လှန်ရေးအင်အားစု တွေကို လက်ညှိုးထိုး လွှဲချပြီးတော့ လုပ်လာ နိုင်တယ်၊ အဲလိုလုပ်လာနိုင်တဲ့အတွက် ကျင့်ဝတ်မရှိတဲ့ စစ်ခေါင်းဆောင်နဲ့ လာမတွေ့ဖို့ အကြံပြုတာပါ”
ဒီအတောအတွင်းမှာပဲ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း၂၆၁ ပါဝင်တဲ့ GSCB လို့ခေါ်တဲ့ အထွေထွေ သပိတ်ပူးပေါင်းဆောင်ရွက်ရေး အင်အားစုက၊ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ အာဆီယံ ဘုံသဘော တူညီချက် တွေနဲ့ ကိုက်ညီမှု မရှိတဲ့အပြင်၊ မြန်မာပြည်သူ တစ်ရပ်လုံးရဲ့ သဘောဆန္ဒနဲ့ လုံးလုံးလျားလျား ဆန့်ကျင်နေတယ်လို့ ဇန်နဝါရီ ၄ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ပြီး ပြစ်တင်ဝေဖန် လိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက ရန်ကုန်မြို့က ကမ္ဘောဒီးယား သံရုံးအနီးမှာ ဗုံးသုံးလုံး ပေါက်ကွဲ ခဲ့ပါတယ်။ အဲဒီ ပတ်ဝန်းကျင်မှာလည်း စစ်ကောင်စီကို ကာကွယ်ပေးမယ့် ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ကြိုးစားမှု တွေကို လုံးဝလက်မခံတဲ့အကြောင်း မြန်မာ-အင်္ဂလိပ်-ကမ္ဘောဒီးယား သုံးဘာသာနဲ့ ရေးသားထားတဲ့ စာရွက် တွေကို ဖြန့်ဝေထားတာတွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
မစ္စတာ ဟွန်ဆန်ရဲ့ ခရီးစဉ်အတွင်း ဒီလိုလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးကို ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ RFA က အီးမေးလ်ကနေ တစ်ဆင့် ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်း ပြန်ကြားလာတာမရှိသေးပါဘူး။
ဒီအခြေအနေ အတွင်းမှာပဲ မကြာခင် မြန်မာနိုင်ငံကို လာရောက်မယ့် အာဆီယံ အထူးသံတမန် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် ပရတ်ဆိုခွန်းက "မြန်မာနိုင်ငံမှာ နိုင်ငံရေးလုံခြုံရေး ပြဿနာတွေ နက်ရှိုင်းလာတယ်၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နိုင်တဲ့အကြောင်းအရာတွေက အဆင်သင့် ဖြစ်နေပြီလို့ ကျနော်တို့ ခံစားရတယ်"လို့ ပြောဆိုကြောင်း South China Morning Post သတင်းမှာ ဒီနေ့ ရေးသားဖော်ပြထား ပါတယ်။
အာဆီယံဥက္ကဋ္ဌ မဖြစ်ခင်က စစ်ကောင်စီကို ဝေဖန်၊ ဖြစ်ဖို့ရက်ပိုင်းအလိုမှာ အာဆီယံနိုင်ငံတစ်ခုကို အခြား နိုင်ငံတွေက အရေးမယူသင့်ဘူးလို့ စစ်ကောင်စီကို ထောက်ခံပြောဆိုခဲ့ပြီး၊ အခု မြန်မာနိုင်ငံခရီးစဉ် ရက်နီးလာ ချိန်မှာ မြန်မာနိုင်ငံက ပြဿနာတွေကို သိရှိခံစားရပါတယ်လို့ အမျိုးမျိုး လေသံပြောင်းပြောဆိုနေတဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်တို့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကပြဿနာတွ ဖြေရှင်းနိုင်ရေးအတွက် ဘယ်လောက်အထိ ကူညီ ဆောင်ရွက် နိုင်မလဲဆိုတာကို ပြည်တွင်းရော ပြည်ပမှာပါ စိတ်ဝင်တစား စောင့်ကြည်နေကြပါတယ်။