မြန်မာနိုင်ငံ ပြည်တွင်းစစ်အတွက် အသင့်ဖြစ်နေပြီလို့ ကမ္ဘောဒီးယား သတိပေး

မြန်မာနိုင်ငံရဲ့အခြေအနေက ပြည်တွင်းစစ်ဖြစ်ဖို့ အဖက်ဖက်က ပြည့်စုံနေပြီလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက နှစ်ခု၊ လက်နက်ကိုင်အင်အားစုတွေကလည်း အများအပြားရှိနေပြီး လူထုကလည်း အာဏာဖီဆန်ရေးCDM လှုပ်ရှားမှုကို လုပ်နေကြောင်း၊ နိုင်ငံတဝန်းမှာလည်း ပြောက်ကျားစစ်တွေကရှိနေပြီး နိုင်ငံရေးနဲ့လုံခြုံရေး အကျပ်အတည်းကလည်း ဆိုးသထက်ဆိုးလာနေတာကြောင့် ဒီအခြေနေတွေဟာ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေကိုပါ ပိုပြီးဆိုးဝါးစေလိမ့်မယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak ပညာရေးဌာနမှာ တနင်္လာနေ့က ပြောခဲ့တာပါ။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံမသွားခင် ရက်ပိုင်းအလိုမှာ နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်က အခု ဇန်နဝါရီ ၇ရက်နဲ့ ၈ရက်နေ့တွေမှာ မြန်မာနိုင်ငံကို လာဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး အကြမ်းဖက်မှုတွေကို ရပ်ဖို့ ဝန်ကြီးချုပ်ဟွန်ဆန်က ဗုဒ္ဓဟူးနေ့ကပဲ တိုက်တွန်းခဲ့ပါတယ်။

ပြည်သူတွေ ထိခိုက်သေဆုံးမှုမရှိရအောင် အပစ်အခတ် ရပ်စဲမှုကို အရင်လုပ်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ အာဆီယံအသင်းက သဘောတူထားတဲ့ အချက် ငါးချက်နဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်ထွန်းရေးကို အဓိကအာရုံစိုက်ပြီး ကြိုးပမ်းသွားမှာ လို့ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ဟာ အာဆီယံအသင်းရဲ့ သဘောတူချက်တွေနဲ့လည်း မကိုက်ညီတဲ့အပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလည်း ဆန့်ကျင်နေတာကြောင့် ဒီခရီးစဉ်ကို ကန့်ကွက်တဲ့အကြောင်း မြန်မာပြည်တွင်းက စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့ပေါင်း ၂၆ဝ ကျော်က ကြေညာချက် ထုတ်ပြီးကန့်ကွက်သလို လမ်းပေါ်ထွက်ဆန္ဒပြကန့်ကွက်မှုတွေ ပါရှိနေပါတယ်။