ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်နေတယ်လို့ ကနေဒါပြော

မြန်မာအစိုးရက ဧပြီလမှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီကို ဖော်ဆောင်ပေးမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် ဆိုတာကိုကြည့်ပြီး ကနေဒါနိုင်ငံက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းသင့်မသင့် စဉ်းစားသွားမယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘဲ့ဒ် (John Baird) က ပြောကြားလိုက်ပါတယ်။

2012.03.08
dassk-canada-john-baird-b305 ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်က ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်။
AFP

ဒီကနေ့ ညနေက အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာတွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောဆိုပါတယ်။

"လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီတွေပေးဖို့ ကနေဒါအနေနဲ့ လိုလားပါတယ်။ မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူထားတာကိုလည်း စတင်ရုပ်သိမ်းဖို့ကို လိုလားနေပါတယ်။ ကနေဒါအနေနဲ့ တစ်ခုပဲကြည့်မှာက ရွေးကောက်ပွဲမှာ ဘယ်လို တရားမျှတအောင် လုပ်ဆောင်သွားမလဲဆိုတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ဒီအချက်တွေပေါ် မူတည်ပြီး ပိတ်ဆို့မှုရုပ်သိမ်းရေးအတွက် ဆက်လက် စဉ်းစားသွားမှာပါ"

ရွေးကောက်ပွဲမှာ မျှတမှုမရှိရင် ကနေဒါနိုင်ငံရဲ့ပိတ်ဆို့မှုတွေ ဘယ်လိုဖြစ်လာနိုင်မယ် ထင်ပါသလဲဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“အခု အားလုံးက မျှော်လင့်နေတာကတော့ တကယ့်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ရောက်သွားပြီလို့ မျှော်လင့်နေတာကိုး။ အဲဒီလို မျှော်လင့်ချက်နဲ့ ကူညီမယ်၊ ဝိုင်းဝန်းပြီးတော့ တတ်နိုင်သလောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေက ပေါ်လာတာဖြစ်တယ်လေ။ အဲဒီတော့ ဒီရွေးကောက်ပွဲက တကယ်ပဲ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပို့လိုက်တာလား၊ မပို့လိုက်ဘူးလား ဆိုတာ အများကြီး စကားပြောမှာပါ။ ကြားဖြတ် ရွေးကောက်ပွဲလေးက သေးသေးလေးပဲပေါ့နော်။ ဒါပေမယ့်လည်း ဒီကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပုံ ကျင်းပနည်းပေါ့၊ ပြည်သူက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ရွေးကောက်ပွဲကြီး ဖြစ်သွားတယ်ဆိုရင် ဘာပဲပြောပြော ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်သွားပြီလို့ ဆိုရမှာပေါ့။ အဲဒီလို မဖြစ်ဘူး ဆိုလို့ရှိရင်လည်း ကူညီမယ့်နိုင်ငံတွေက ပြန်စဉ်းစားကြတော့မှာပေါ့။ သူတို့က ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကူညီမယ်လို့ ပြောထားတာကိုး။ မရောက်ဘူးလို့ သူတို့ထင်ရင် သူတို့ ပြန်ပြီး စဉ်းစားမှာပေါ့”

ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေကိုလေ့လာဖို့ တစ်ရက်တာ ခရီးစဉ်အဖြစ် ရောက်လာတာဖြစ်ပြီး ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ရော မြန်မာအစိုးရအဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။