ကိုယ်စားလှယ်လောင်းတွေ အဂတိကင်းစင်အောင် ဆောင်ရွက် ထား


2015.10.10
dassk-mhawbi-trip-620.jpg ရန်ကုန်တိုင်းမှော်ဘီမြို့နယ် မြောင်းတကာကျေးရွာမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲအောင် နိုင်ရေးဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို အများသိအောင်ကြေညာရာမှာ ပိုင်ဆိုင်မှုကို လိမ်လည်လှည့်ဖျားပြီး ပြလို့မရအောင် လုပ်ဆောင်ထားကြောင်းနဲ့ အဲဒီလို ကိုင်တွယ်ထားတဲ့ ပါတီဟာ အန်အယ်လ် ဒီတစ်ပါတီတည်းသာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းမှော်ဘီမြို့နယ် မြောင်းတကာကျေးရွာမှာ ကျင်းပတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ကိုယ်စားလှယ်လောင်းတွေ အဂတိလိုက်စားမှု ကင်းအောင် ဆောင်ရွက်ထားမှုကို ပြောခဲ့တာဖြစ်ပါတယ်။

"ပိုင်ဆိုင်မှုတွေ စာရင်းပေးခိုင်းတဲ့နေရာမှာ သူတို့ကတမင်လျှိ့ဝှက်ပြီးတော့၊ ခိုးဝှက်ပြီးတော့မမှန်တဲ့စာရင်းပေး ရင်ဘယ်လိုလုပ်မလဲဆိုတော့ သူတို့ မှန်မှန် ကန်ကန်ပေးထားပါတယ်ဆိုတာကို တံဆိပ်ခေါင်းကပ်ပြီးတော့ လက်မှတ်ထိုးထားတာကြောင့် ကျမတို့ဥပဒေအရလိမ်လည်လှည့်ဖျားမှုတွေကို လုပ်တဲ့ကိုယ်စား လှယ်တွေကို ကျမတို့ကအရေးယူမှာဖြစ်ပါတယ်၊ ဒါကြောင့်ပြည်သူလူထုကိုလှည့်ဖျားလို့မရတဲ့ အစိုးရမျိုးဖြစ်အောင်လို့ ကျမတို့အတတ်နိုင်ဆုံး လုပ်ထားပါတယ်၊ အဲ့တော့ကျမကလည်း စိန်ခေါ်ရဲပါတယ်၊ ဒီလိုကိုယ်စား လှယ်လောင်းတွေကို ကိုယ်တွယ်ထားတဲ့ပါတီဆိုတာ ကျမတို့ပါတီတစ်ပါတီတည်းရှိပါတယ်"

အန်အယ်လ်ဒီသာ အစိုးရဖွဲ့နိုင်ခဲ့ရင် အဂတိလိုက်စားမှု နည်းအောင် ကြိုးစားသွားမှာဖြစ်ကြောင်း၊ ကမ္ဘာမှာ ဘယ်နိုင်ငံမှ အကတိလိုက်စားမှု ၁ဝဝ ရာခိုင်နှုန်း ကင်းရှင်းတဲ့ အစိုးရဆိုတာ မရှိကြောင်းလည်း ပြောပါတယ်။

ဒါကြောင့် အန်အယ်လ်ဒီအနေနဲ့ အဂတိလိုက်စားမှု လျော့နည်းအောင်သာ ကြိုးစားသွားမယ်လို့ ကတိပေး နိုင်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်စာရင်းမှန်ကန်မှု ဖြစ်ရေးဟာ အစိုးရက လုပ်ဆောင် ပေးရမှာဖြစ်ကြောင်း လူဦးရေသန်း တစ်ထောင်ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက ရွေးကောက်ပွဲတွေ တောက်လျှောက် လုပ်လာရာမှာ မဲစာရင်းမှာ မပါလို့ဆိုပြီး ပြောဆိုတာ မကြားရကြောင်း မြန်မာနိုင်ငံမှာ ၃ဝ% လောက်သာ မှန်မယ်လို့ ပြောနေတာဟာ အစိုးရမှာ တာဝန်ရှိကြောင်း ပြောပါတယ်။

ဒီကနေ့ ဟောပြောပွဲကို လူဦးရေ တစ်သောင်းနီးပါးလောက်အထိ တက်ရောက်တယ်လို့ ခန့်မှန်းရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်သူ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။