တစ်ဦးချင်းကားပါမစ် လျှောက်လွှာ လက်ခံရက် သတ်မှတ်ရက် ထက်စောပိတ်
2016.12.22
ရန်ကုန်မြို့က ကားအရောင်းပြခန်းတစ်ခုကို တွေ့ရစဉ်
၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်းကားတင်သွင်းခွင့် လျှောက်ထားတာတွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ လက်ခံပေးသွားမယ်လို့ သတ်မှတ်ထားပေမယ့် သတ်မှတ်ရက်ထက် ၂ ရက်စောပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရပ်ဆိုင်းလိုက်ကြောင်း မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာပါတယ်။
မမှန်မကန်လျှောက်ထားမှုတွေကို စုံစမ်းသိရှိရတာကြောင့် အခုလိုစောပြီး ရပ်ဆိုင်းလိုက်ရတာလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။
"လာတဲ့လူတွေပေါ်မှာ စုံစမ်းကြည့်တဲ့အခါကျတော့ ဝေါဘက်ကလူတွေပါတယ်၊ မိတ္ထီလာဘက်က ကျေးရွာတွေ ပါတယ်၊ မန္တလေးဘက်က ကျေးရွာတွေပါတယ်၊ အဲ့လူတွေကို ကုမ္ပဏီတွေကနေပြီးတော့ မှတ်ပုံတင်နဲ့ သန်းခေါင် စာရင်းငှားတယ်၊ လူကိုယ်တိုင်ခေါ်ရမယ်ဆိုရင် လူကိုယ်တိုင်ခေါ်လာတယ်၊ အဲ့လူတွေကို သူကနေ့တွက်စ ရိတ်ပေးတယ်၊ ထမင်းကျွေးရတယ်၊ ညတည်းခိုဖို့ကိစ္စ စီစဉ်ပေးတယ်၊ ဈေးနှုန်းကတော့ အမျိုးမျိုးတွေ့ရတာပေါ့၊ မန္တလေးဘက်ကသူတွေဆိုရင် သန်းခေါင်စာရင်းငှားတာက ၁ သိန်းခွဲလောက်ပေးရတယ်၊ နေ့တွက်စရိတ်ကို ၅ သောင်းလောက်ပေးတယ်၊ တကယ် မော်တော်ယာဉ် တင်သွင်းချင်လို့ လျှောက်မယ့်သူ မဟုတ်ဘဲနဲ့ အဲ့လိုမျိုးတွေ ဖြစ်လာတာပေါ့ "
ယခုနှစ်အတွက် တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားသူအရေအတွက်ဟာ အရင်နှစ်တွေ ထက် ပိုများတဲ့အတွက် လျှောက်လွှာတင်ဖို့လာတဲ့သူတွေကို တုံကင်ပေးပြီး စောင့်ဆိုင်းခိုင်းရတာမျိုးတွေပါ ရှိခဲ့တယ်လို့ ဦးခင်မောင်လွင်က ပြောပါတယ်။
လျှောက်လွှာတင်သွင်းခွင့် ရပ်ဆိုင်းလိုက်တဲ့အချိန်အထိ တုံကင်စုစုပေါင်း ၁ ထောင်ကျော်ကို လက်ခံထားပြီး အဲဒီသူတွေကိုတော့ လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်ပေးသွားမှာလည်း ဖြစ်ပါတယ်။
ဒီနှစ်အတွက် တစ်ဦးချင်း ကားတင်သွင်းခွင့်လျှောက်ထားရာမှာ ၉၉ ရာခိုင်နှုန်းလောက်က မမှန်မကန် လုပ်ဆောင်တာတွေ ဖြစ်နေတာကြောင့် သေချာစိစစ်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ဦးခင်မောင်လွင် က ပြောပါတယ်။
တစ်ဦးချင်း ကားတင်သွင်းခွင့်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။









