မတူပီ CDF တပ်ရင်းမှူး တိုက်ပွဲမှာ သေဆုံး

ချင်းပြည်နယ် မတူပီမြို့မှာ ဇန်နဝါရီ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ မတူပီ CDF တို့ရဲ့ တိုက်ပွဲမှာ မတူပီ CDF တပ်ရင်း (၂) ရဲ့ တပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ကမ္ဘာလုံး ဆိုင်ရာ မတူအဖွဲ့ အစည်း Global Matu Organization က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲအတွင်း မတူပီ CDF တပ်ရင်း ၂ ရဲ့ တပ်ရင်းမှူး ဆလိုင်း ဆန့်ထန် (San Thar) ကို သူရဲကောင်းအဖြစ် အသိအမှတ်ပြုကြောင်း ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့အစည်း GMO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကတည်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF တွေနဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၈ ဦး သေဆုံး ခဲ့တယ်လို့ CDF Zotung အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်မှာ အခု ရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်က အင်အားတွေတိုးချဲ့ပြီး စစ်ဆင်ရေး လုပ်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ဒေသတွင်း ခရီးသွားလာမှုတွေ၊ စားသောက်ကုန်တွေနဲ့ တခြားလူသုံးကုန် ပစ္စည်းသယ်ယူမှုတွေပါ ရပ်ဆိုင်းနေတယ်လို့လည်း ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း ချင်းပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံထဲ ထွက်ပြေး နေကြရသူပေါင်း သုံးသောင်းကျော် ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ချင်းပြည်နယ်မှာ ဇန်နဝါရီ ၃ ရက် အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း သုံးသောင်းလေးထောင် နီးပါးရှိပြီး လုံခြုံရေးအခြေအနေ၊ စစ်ဆေးရေးဂိတ်နဲ့ သွားလာခွင့်ပြုမိန့် မရတာတွေကြောင့် အကူအညီ လိုအပ်နေသူတွေထံ သွားရောက်ဖို့ ခက်ခဲနေတယ်လို့ ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။