လက်နက်ကိုင်ဆောင် မသွားလာဖို့ စစ်ကောင်စီတပ်ကို ချင်း CDF သတိပေး

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.05.09

ချင်းပြည်နယ် ကန်ပက်လက်မြို့ ဒေသခံတွေ ဖွဲ့စည်းထားတဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF က သူတို့ မြို့ထဲမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ကိုင်သွားလာလှုပ်ရှားတာတွေ မလုပ်ဖို့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေမယ့် လက်နက်ကိုင်ဆောင် သွားလာတာတွေ မလုပ်ဖို့၊ CDM ပါဝင်နေတဲ့ အစိုးရဝန်ထမ်းတွေကို ခြိမ်းခြောက်ဖမ်းဆီး တာတွေမလုပ်ဖို့နဲ့ ကန်ပက်လက်မြို့က ပြည်သူတွေကို နှောင့်ယှက်လာတာတွေရှိလာရင် CDF အဖွဲ့အနေနဲ့ ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်သွားမယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ကို သတိပေးကြေညာချက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်ရဲ့ မြို့တိုင်းလိုလိုမှာ ဒေသခံ CDF အဖွဲ့တွေဖွဲ့စည်းထားပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်နေ တာဖြစ်ပါတယ်။ မနေ့ကလည်း ဟားခါးမြို့အနီးက ဆွယ်ခါးဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ် စခန်းကို ဟားခါး CDF က ဝင်ရောက်စီးနင်းခဲ့ပြီး၊ စခန်းကိုလည်း မီးရှို့ဖျက်ဆီးးခဲ့ပါတယ်။ အဲဒီစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော် ထွက်ပြေးလွတ်မြောက်သွားပေမယ့် CDF ဟားခါးက လက်နက်တချို့ကို သိမ်းဆည်းယူနိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

မေလ ၈ ရက် မနေ့က စစ်ကောင်စီတပ်တွေက ကနီမြို့အနီးက ရွာထဲကိုဝင်လာပြီး နေအိမ်တွေထဲကို ပစ်ခတ်တာကြောင့် နေအိမ်ကုတင်အောက်မှာ ပုန်းနေတဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ရဲ့ လက်ကောက်ဝတ်နဲ့ ပေါင်ကို ကျည်ဆံထိမှန်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့သူ တစ်ယောက်က RFA ကို ပြောပါတယ်။

ကနီမြို့ဇီးပင်တွင်းရွာနဲ့ အနီးတဝိုက်က ရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ဇီးပင်တွင်းရွာက အမျိုးသမီး နှစ်ယောက် အမျိုးသား လေးယောက်ကို ဖမ်းသွားခဲ့ပြီး ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာလည်း မေလ ၉ ရက် ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်လာပြီး ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြသူ နှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူ နှစ်ဦးကို ပြန်လွှတ်ပေးဖို့ ဒေသခံတွေ ရဲစခန်းရှေ့မှာ သွားရောက်တောင်းဆိုကြချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူအုပ်ထဲကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲဒါအပြင် စစ်ကောင်စီဘက်က နောက်ထပ်စစ်ကား ၂ စီးထပ်ရောက်လာပြီး သေနတ်တွေနဲ့ ထပ်မံ ပစ်ခတ်ခဲ့လို့ ဆန္ဒပြသူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြင်းမူမြို့က အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အဖမ်းဆီးတွေလည်းရှိတာကြောင့် မြို့ခံတွေရဲ့လုံခြုံရေးကို စိတ်ပူနေရတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ မေလ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရတဲ့ ကဗျာဆရာ ခက်သီ (အမည်ရင်း ကိုဇော်ထွန်း) ဒီကနေ့မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကဗျာဆရာ ခက်သီဟာ စစ်ကိုင်းတိုင်း ပုလဲမြို့ဇာတိဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် တိမ်းရှောင်နေစဉ် ဖမ်းမိသွားခဲ့ပြီး ကျောက်မြောင်း စစ်ကြောရေးစခန်းကို ပို့ခံခဲ့ရရင်း သေဆုံးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

“လက်လွန်သွားပုံရတယ်။ မျက်နှာတွေ ဖူးရောင်ညိုမဲနေတယ်။ မုံရွာဆေးရုံကို ရောက်လာတော့ အသက် မရှိတော့ဘူး။ အခုတော့ ပုလဲကို ပြန်သယ်ဖို့ လုပ်နေကြပါတယ်။ တိုင်းပြည်ကောင်းဖို့ လုပ်နေတဲ့သူကို သူခိုးဂျပိုးလို ဆက်ဆံလိုက်တာပဲ။ ဘယ်လိုမှ ကြေအေးစရာမရှိဘူး”

စစ်ကောင်စီဘက်ကတော့ ကဗျာဆရာ ခက်သီဟာ ၉၆ ပါး ရောဂါနဲ့ သေဆုံးတယ်လို့ မိသားစုဝင်တစ်ဦးကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာတော့ ဒီနေ့မနက် ၅ နာရီလောက်က အင်းစိန်မြို့အတွင်း စစ်ကောင်စီဆန့်ကျင်ရေး အရုဏ်ဦး သပိတ်လုပ်ချိန်မှာ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်ထားသူတွေ ရောက်လာပြီးသပိတ်ကို ဖြိုခွဲခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ လူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရ တယ်လို့ အင်းစိန်မြို့နေ ဒေသခံ တစ်ဦးက ပြောပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သပိတ်တွေကိုဖြိုခွဲရာမှာ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေကိုပဲ အသုံးပြုပြီး ဖြိုခွဲလာတာကြောင့် နောက်ပိုင်း သပိတ်စစ်ကြောင်းတွေ လမ်းပေါ်ထွက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆန္ဒပြရာမှာပါဝင်သူ တစ်ဦးက ဆိုပါတယ်။

အင်းစိန်မြို့ပတ် ဒီဇယ်စက်ခေါင်းစက်ရုံအနီး မီးရထားသံလမ်းမှာလည်း ဒီနေ့မနက် ၈ နာရီခွဲခန့်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိဖြစ်တဲ့ မကွေးတိုင်း နတ်မောက်မြို့မှာလည်း စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီး မှုတွေ ရှိခဲ့ပါတယ်။

နတ်မောက်မြို့ သမျှားကျေးရွာမှာ လက်လုပ်သေနတ်တွေရှိတယ်လို့ဆိုပြီး ရွာသား ခုနစ်ယောက်ကို စစ်ကောင်စီက မနေ့က လာဖမ်းသွားပါတယ်။

ဒါ့အပြင် ရွာထဲကိုလည်း ခြောက်လှန့်ပစ်ခတ်ခဲ့တဲ့အတွက် လမ်းပေါ်မှာသွားနေတဲ့ အသက် ၅၀ ကျော် အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ နာမည်မဖော်ချင်တဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီး သုံးလအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတဲ့သူ ၇၇၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ ၄၉၀၀ နီးပါးရှိပါတယ်။

အဲဒီဖမ်းဆီးခံထားရသူတွေထဲက လူပေါင်း ၃၈၀၀ ကျော်ဟာ အခုအချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။ ဖမ်းဆီးမှုတွေ ဒီနေ့ထိ ဆက်ရှိနေပေမယ့် ရန်ကုန် အပါအဝင် မြို့ကြီး တော်တော်များများက လူငယ်တွေကတော့ စစ်အာဏာရှင် လုံးဝအုပ်ချုပ်လို့ မရဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲပြီး ပြောက်ကြားစနစ်နဲ့ လမ်းမပေါ်ထွက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။