စစ်ကောင်စီတပ်စခန်း တစ်ခုကို ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ သိမ်းပိုက်

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021-05-08
Share

ဒီကနေ့ နံနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်က ချင်းပြည်နယ်၊ ဆူယ်ခွါးမြို့က စစ်ကောင်စီ တပ်စခန်းတစ်ခုကို ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF က ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးလိုက်တယ်လို့ CDF ဟားခါးက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားပြီးတော့ စခန်းထဲက လက်နက်တစ်ချို့ကို သိမ်းဆည်းရလိုက်တယ် လို့ ဟားခါး CDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အနီးနားက ရွာတွေမှာလည်း မနေ့ညနေပိုင်းက စစ်ကောင်စီနဲ့ ကနီပြည်သူ့ကာ ကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ ရွာတွေထဲဝင်စစ်နေတာကြောင့် ကင်း အထက်ရွာ၊ မီးကျောင်းတွင်း အပါဝင် ကျေးရွာပေါင်း ၄၀ လောက်က ဒေသခံပြည်သူ ၁ သောင်းလောက် ဘေးလွတ်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီ ကင်းရွာတိုက်နယ်ဆေးရုံမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး ချင်းတွင်းမြစ်ကြောင်းမှာ သွားလာနေတဲ့ စက်လှေ ၆ စီးကို ချောဆွဲထားတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ကင်း ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

အဲဒီစက်လှေတွေအပေါ်ကို ယမ်းစိမ်းတွေ တင်နေတယ်လို့ သူက ပြောပါတယ်။

မနေ့က ကနီမြို့ ဇီးပင်တွင်းရွာ၊ သမင်ခြံရွာ၊ ကျောက်လုံးကြီးတောင်နဲ့ ချင်းတွင်းမြစ် ကမ်းဘေးက ငုံးချောင်း ရွာတွေအနားမှာ တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၁၁ ယောက်၊ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က တစ်ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့က နေရာတော်တော်များများမှာတော့ ဒီကနေ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် ၄ နာရီ မိနစ် ၂၀ ခန့်က တစ်ကြိမ်၊ ၄ နာရီခွဲခန့်က တစ်ကြိမ်နဲ့ ၄ နာရီ မိနစ် ၄၀ ခန့်က တစ်ကြိမ် အနည်းဆုံး ၃ ကြိမ်ခန့် ပေါက်ကွဲသံကို ကျယ်ကျယ်လောင်လောင် ကြားရတယ်လို့ ပြောပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲက တိရစ္ဆာန်ရုံနားမှာ တစ်ကြိမ်၊ မဆလာစက် အထက ၁ ကျောင်းရှေ့အနီးမှာ တစ်ကြိမ်၊ Hummer GYM အားကစားခန်းမအနီးနဲ့ ယာဉ်ထိန်းရုံးအနီးတို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ယုဇနဥယျဉ်မြို့တော်ရဲ့ အထက်တန်းကျောင်းအနီးမှာလည်း ဒီနေ့ မွန်းတည့် ၁၂ နာရီခန့်က ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ယုဇနဥယျာဉ်မြို့တော်နေသူတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတင်းကျပ်ထားပြီး လာသမျှ ကားတွေ စစ်ဆေးတာတွေလုပ်နေတယ်လို့ ပြောပါတယ်။

ဧပြီလလယ်ပိုင်းလောက်ကစပြီး ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ်တွေမှာ ဗုံးပေါက်ကွဲတာတွေ ဆက်တိုက်ဖြစ် လာပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

ချင်းပြည်နယ်က တပ်စခန်းသိမ်းပိုက်ခံရမှု၊ ကနီဘက်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေတွေကို မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ရန်ကုန်အပါအဝင် မြို့ကြီးတော်တော်များများမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြောက်ကျားစနစ်နဲ့ ဆက်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့