CDM မှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ထိရှိနေ

စစ်တပ်ရဲ့အာဏာသိမ်းမှုမှာ အဓိကရုန်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်နေရတဲ့ ရဲတွေ ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို ကျည်အစစ်သုံး ပစ်ခတ်သတ်ဖြတ်နေတာကို မနှစ်မြို့တော့တဲ့ အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာနေကြပါတယ်။ မတ် လ ၅ ရက် ဒီနေ့အထိ ရရှိ ထားတဲ့စာရင်းတွေအရ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀၀ ကျော် CDM မှာပါဝင်လှုပ်ရှားနေကြပါပြီ။

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့အတူ အဓိကရုန်းနှိမ်နင်းရေးမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။

ကယားပြည်နယ်မှာ ရဲအင်အား ၂၄၀ လောက်ရှိပြီး အဲဒီအထဲက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်သူ ၁၀၀ ကျော်ရှိလာနေပြီဖြစ်လို့ ပြည်နယ်တိုင်းအလိုက် CDM မှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်နှုန်း အများဆုံးပြည်နယ် ဖြစ်ပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့မရဲစခန်းက ရဲတပ်သား ပေါလုက စစ်အာဏာရှင်လက်အောက်မှာ မနေချင်လို့ ပြည်သူနဲ့ပူးပေါင်းဖို့ မရရအောင်ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဟာ ရဲတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတဲ့အပေါ် မနှစ်မြို့ တာကြောင့် CDM မှာ ပါဝင်လာတာလို့ မန္တလေးတိုင်း ရွှေစာရံ ရဲတပ်ရင်း ၄ က ရဲတပ်သားတစ်ဦးက ပြော ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မန္တလေး ဂေါဝိန်ဆိပ်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ် နှိမ်နင်းမှုမှာ သူကိုယ်တိုင် ပါဝင်ခဲ့ရပြီး ပစ်ခတ်မှုတွေကို စစ်တပ်ကလုပ်ခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို အရှေ့ကနေ ဒိုင်းနဲ့ကာခိုင်းခဲ့ပြီး စစ်တပ်က ချေမှုန်းရေးလက်နက်တွေ အသုံးပြုပစ်ခတ် ခဲ့သလို စနိုက်ပါတွေကိုပါ အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

မန္တလေးဂေါဝိန်ဆိပ် ပစ်ခတ်မှုကြောင့် ဆန္ဒပြပြည်သူ နှစ်ဦး ကျည်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး တစ်ဦးက နေရာမှာတင်သေဆုံး၊ နောက်တစ်ဦးက ဒူးခေါင်း ထိုးချင်းပေါက် ဒဏ်ရာပြီး ဖမ်းဆီးခံထားရတုန်း သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်အပြီး မန္တလေး ရဲတပ်ရင်း ၄ က တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်ဟာ CDM မှာ ပါဝင်လာခဲ့ ကြပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ မန္တလေးဆေးတက္ကသိုလ်က စတင်လိုက်တဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြကြသူတွေ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခံ ခဲ့ရတာကြောင့် မတ်လ ၄ ရက်နေ့အထိ သေဆုံးသူ ၅၀ ကျော်ရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေဟာလည်း ရာနဲ့ချီရှိနေပါတယ်။

အဓိကရုန်းနှိမ်နင်းမှုတွေမှာ ရဲဝတ်စုံဝတ်ထားတဲ့ စစ်သားတွေ ၇၅ ရာခိုင်နှုန်းလောက်ပါ ဝင်နေတယ်လို့ CDM မှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

နှိမ်နင်းရေးမှာ ရဲဝတ်စုံနဲ့ ကြယ်ဖြူတပ်ဆင်ထားတဲ့ အစိမ်းရောင်ဦးထုပ် ဆောင်းထားသူတွေပါဝင်နေပြီး အဲဒီဦးထုပ်ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တံဆိပ်မဟုတ်ဘူးလို့ ကျောက်ဆည်မြို့နယ် ရဲစခန်းက CDM မှာ ပါဝင်ခဲ့တဲ့ ရဲတပ်သား သန့်သူရမောင်မောင် က RFA ကို ပြောပါတယ်။

ပစ်ခတ်မှုတွေမှာ သင်တန်းဆင်းကစ ရဲတပ်သားတွေလည်း ပါဝင်နေပြီး ရဲဝတ်စုံဝတ်ထားတဲ့ စစ်သားတွေက အများဆုံး ပစ်ခတ်ရိုက်နှက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ကျည်အစစ် သုံးပစ်ခတ်ခဲ့ကြပြီး RFA က ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီနေ့မှာ ဆန္ဒပြပြည်သူ ကိုးဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့ပါတယ်။

ဒီလိုမတရားရက်စက်မှုတွေလုပ်နေတာကို မရှက်ဘူးလားလို့ CDM မှာပါဝင်နေတဲ့ ရန်ကုန်တိုင်းယာယီရဲမှူး ဦးတင်မင်းထွန်းက ပြောလိုက်ပြီး ရဲတပ်ဖွဲ့ဝင်တွေ CDM မှာ ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

CDM မှာပြည်သူနဲ့အတူ ပူးပေါင်းလာတဲ့အထဲမှာ ရဲတပ်သားအဆင့်ကနေ ရဲမှုးအဆင့်ထိ ပါဝင်နေပါတယ်။ အာဏာသိမ်းပြီး အကြမ်းဖက်ပစ်သတ်နေတဲ့အပေါ် မခံရပ်နိုင်လို့ CDM မှာ ပါဝင်လာကြတာလို့ CDM ရဲဝန်ထမ်းတွေက ပြောကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ်လ ၅ ရက် ဒီနေ့အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ ကယားပြည်နယ်တို့က CDM မှာပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် ပစ်သတ်မှုကြောင့် မတ်လ ၄ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ သေဆုံးသူဦးရေ ၅၀ ကျော်ရှိပြီး ဖမ်းဆီးခံထားရသူ ၁၂၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ကြေညာ ထားပါတယ်။