ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ဖို့ ပြည်ပအကူအညီမရဘူးလို့ စစ်ကောင်စီပြော

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွေမှာ အရင်က ပြည်ပ နိုင်ငံတွေရဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီတွေရခဲ့ပေမယ့် အခုတော့ အဲဒီအကူအညီတွေ မရတော့ဘူးလို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူဖို့ ဩဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

ဒီအတွက်ကြောင့် ၂၀၂၄ ခုနှစ်မှာ ကောက်ယူမယ့် သန်းခေါင်စာရင်းအတွက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေ၊ ပြည်သူတွေပါဝင်မှုနဲ့ အဓိကထား ဆောင်ရွက်မယ့် အပြင် နိုင်ငံရဲ့ဘဏ္ဍာရန်ပုံငွေနဲ့ သန်းခေါင်စာရင်း ကောက်မယ်လို့လည်း သူကပြောပါတယ်။

သန်းခေါင်စာရင်းဟာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံကျတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နဲ့ တခြား အလှူရှင်နိုင်ငံတွေက ငွေကြေးနဲ့နည်းပညာ ပံ့ပိုးကူညီပေးခဲ့တာပါ။

UNFPA ရဲ့ထုတ်ပြန်ချက်အရတော့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူဖို့ အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ်လောက် ကုန်ကျနိုင်တယ်လို့ ရှေ့ပြေး ခန့်မှန်းခဲ့ပါတယ်။

ရွေးကောက်ပွဲ ကနဦးလုပ်ငန်းစဉ်ဖြစ်တဲ့ အိမ်ထောင်စုလူဦးရေစာရင်းကို စစ်ကောင်စီက အခုနှစ် ဇန်နဝါရီလထဲ နိုင်ငံတစ်ဝန်း ကောက်ယူခဲ့ပြီး ခုခံတိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။