သတင်းထောက် ကိုနန္ဒရဲ့အမှု စုံစမ်းဆောင်ရွက်ပေးဖို့ RSF တောင်းဆို
မြန်မာနိုင်ငံမှာ ဥပဒေမဲ့ အကွက်ဆင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တစ်ဦးရဲ့ အမှုကို စုံစမ်းဆောင်ရွက်ပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။
-
2019-08-14 -
-
-
မြန်မာနိုင်ငံမှာ ဥပဒေမဲ့ အကွက်ဆင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တစ်ဦးရဲ့ အမှုကို စုံစမ်းဆောင် ရွက်ပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။
ဗီဒီယို သတင်းထောက် ကိုနန္ဒ ခေါ် ကိုအောင်ကြည်မြင့်ကို မန္တလေးအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာ လေးလရှိပြီဖြစ်ပြီး အခုအခါ အစာငတ်ခံ ဆန္ဒပြမယ့် အခြေအနေမှာရှိနေတယ်လို့ Channel Mandalay TV ရဲ့ အယ်ဒီတာ ဦးမင်းဒင်က ပြောဆိုကြောင်းလည်းဖော်ပြပါတယ်။
ကိုနန္ဒဟာ မေလ ၁၅ ရက်နေ့က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ တည်ဆောက်နေတဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံ ရွာသားတွေရဲ့ ဆန္ဒပြပွဲကို သတင်းရယူနေ စဉ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပွဲကို တိုက်ရိုက်ထုတ်လွှင့်နေချိန်အတွင်း ရဲနဲ့ တပ်မတော်သားတွေအပေါ် တုတ်နဲ့ အကြမ်းဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။
အဲဒီစွဲချက်အတွက် သက်သေအထောက်အထားမရှိပေမယ့် အဲဒီအချိန်က ရိုက်ကူးနေတဲ့ ရုပ်သံအထောက်အထား ကတော့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရိုက်နှက်နေတဲ့ပုံတွေဖြစ်တယ်လို့ RSF က ဖော်ပြပါတယ်။
ကိုနန္ဒကို ထောင်ဒဏ် ၁၇ နှစ်အထိ ချမှတ်နိုင်တယ်လို့လည်း ဖော်ပြပါတယ်။