Eleven သတင်းစာအယ်ဒီတာနဲ့ သတင်းထောက် တရားစွဲခံရ


2016.03.11
eleven-620.jpg Eleven Media Group ရဲ့ ဝက်ဆိုဒ်ကို တွေ့ရစဉ်
Photo: Eleven Website

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်တဲ့ယာဉ်ယန္တရားတွေ တင်သွင်းတဲ့ကိစ္စ နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာခင်မောင်ထွန်းတို့ စစ်ဆေးခံနေရကြောင်း သတင်းရေးသားဖော်ပြခဲ့တဲ့ Eleven နေ့စဉ်ထုတ်သတင်းစာ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်တို့ကို အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာခင်မောင်ထွန်းက တရားစွဲဆိုထားတာဖြစ်ပြီး တရားရုံးရဲ့ ဆင့်ခေါ်စာ ရရှိထားတယ်လို့ Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောပါတယ်။

"ဒီအမှုက တရားရုံးမှာ မစစ်သေးဘူး၊ တရားရုံးကနေ ဆင့်ခေါ်တဲ့အတွက် တရားရုံးကို သွားတဲ့အဆင့်ပဲ ရှိသေးတယ်၊ စီးပွားစီမံဝန်ကြီးကိုယ်တိုင် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း က ခေါ်ယူမေးမြန်းတယ် ဆိုတာပါပြီးသား၊ ကျနော်တို့ ရေးတဲ့သတင်းမှာလည်း ဒီဖားကန့်ကိစ္စနဲ့ ပတ်သက် ပြီးတော့ သက်ဆိုင်တဲ့သူကို ခေါ်ယူစစ်ဆေးနေတယ်လို့ ပြောတာပါ၊ ကျနော်တို့က ခိုင်မာတဲ့ Source အရ မှန်ကန်တဲ့အချက်အလက်ကိုပဲ ရေးထားတာပါ"

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်း အလွန်အကျွံတူးဖော်မှုတွေ၊ ယာဉ်ယန္တရားတွေ တင်သွင်းမှုတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ဆေးနေကြောင်း ပြည်နယ်ဝန်ကြီးတစ်ဦး ပြောကြားဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Eleven သတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုအတွက် လာမယ့် မတ်လ ၂၄ ရက်နေ့ကို တရားရုံးချိန်း ခေါ်ယူထားတယ်လို့ သိရပါတယ်။

ကျောက်မျက်တူးဖော်တဲ့ စက်ယန္တရားတွေ တရားမဝင် တင်သွင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး က စေလွှတ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ၂ကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် အရေးယူမှုတွေ ပြုလုပ်ခဲ့ ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်းကို တာဝန်ကနေ ရပ်ဆိုင်းလိုက်သလို အကောက်ခွန် နဲ့ စီးပွားကူးသန်းဌာနတွေက ညွှန်ကြားရေးမှူးချုပ် ၂ဦးကို အငြိမ်းစားပေးခဲ့ပါတယ်။ နောက်ထပ်လည်း အရေးယူမှုတွေ ပြုလုပ်ဖို့အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။