ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးဖို့ လွှတ်တော် အတည်ပြု


2017.03.14
chaungsone-bridge-620.jpg မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်က တံတားကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ်ချောင်းဆုံမှာ အသစ်ဖွင့်လှစ်မယ့် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့အကြား တံတားကို မွန်လူထုတွေ ကန့်ကွက်နေပေမယ့် ဗိုလ်ချုပ်အောင်ဆန်း အမည် သတ်မှတ်ဂုဏ်ပြုဖို့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြု လိုက်ပါတယ်။

ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့တို့အကြား သံလွင်မြစ်ပေါ်မှာထိုးထားတဲ့ တံတားအမည် ကို ဗိုလ်ချုပ်အောင်ဆန်းအမည် ဂုဏ်ပြုသတ်မှတ်ပေးဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့က ပြည်သူ့လွှတ်တော်ထံ တင်သွင်းခဲ့ တာဖြစ်ပါတယ်။

အဲဒီအဆိုကို တင်သွင်းစဉ်မှာ ကန့်ကွက်သူ ၂ဦး ရှိခဲ့သလို ဒီနေ့ ဆွေးနွေးရာမှာလည်း ကန့်ကွက်ဆွေးနွေးသူတွေ ရှိပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၂၀၀ ကျော်ရှိတာကြောင့် အဆိုကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒီတံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ပေးမယ်လို့ ဖေဖော်ဝါရီလဆန်းလောက်က သတင်းတွေ ထွက်ပေါ်ချိန်မှာ မွန်လူထုက ကန့်ကွက်ခဲ့ကြပြီး ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့ကလည်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ အပါအဝင် လူဦးရေ ၃ထောင်ခန့် ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

လာမယ့် မတ်လ ၁၉ရက်နေ့မှာလည်း ဒေသအသီးသီးမှာရှိတဲ့ မွန်တိုင်းရင်းသားတွေ စုပေါင်းပြီး မော်လမြိုင်မြို့မှာ ဆန္ဒပြကြမှာဖြစ်ပါတယ်။

အဲဒီတံတားဟာ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး ပေ ၁၇၀၀ ကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။