ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ကိစ္စ UNA ကြေညာချက်ထုတ်ပြန်
မွန်တိုင်းရင်းသားဒေသခံတွေ ကန့်ကွက်နေတဲ့ သံလွင်တံတား (ချောင်းဆုံ ) ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုပြီးအမည်ပေးဖို့ ပြည်သူ့ လွှတ်တော်က ဆုံးဖြတ်လိုက်တာဟာ နောင်တစ်ချိန် တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးကို ထိခိုက်လာစေမှာကို စိတ်ပူမိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုး များမဟာမိတ်အဖွဲ့ UNA က ကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။
-
2017-03-18 -
-
-
မွန်တိုင်းရင်းသားဒေသခံတွေ ကန့်ကွက်နေတဲ့ သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုပြီး အမည်ပေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တာဟာ နောင်တစ်ချိန် တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးကို ထိခိုက်လာစေမှာကို စိတ်ပူမိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ UNA အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ အခုလိုကြေညာချက်ထုတ်ပြန်တာဖြစ်တယ်လို့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
"ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ်လေ သူတို့စိတ်ကြိုက်ဆုံးဖြတ်လို့ရတဲ့ အနေအထား ရောက်နေတာကို ၊ ပြည်သူ့လွှတ်တော်မှာရော၊ အမျိုးသားလွှတ်တော်မှာရော၊ ပြည်ထောင်စုလွှတ်တော်မှာရော၊ တကယ့် လူနည်းစုကိစ္စကို ထိခိုက်လာနိုင်တဲ့ကိစ္စတွေရှိတယ်၊ အဲဒါတွေရှောင်ရှားဖို့ လိုမယ်လေ၊ လူအများစုက မဲဆန္ဒဘယ်လောက်ပဲများများ လူအနည်းစုရဲ့ကိစ္စကိုတော့ အလေးအနက်ထား သတိပြုရမှာပေါ့နော်၊ လူအများစုရှိတယ်ကွာ ငါတို့လျှောက်ဆုံးဖြတ်နေမယ်ဆိုရင် ပူပန်မှုတွေဖြစ်လာမှာပဲ၊ တောင်ကြီးမြို့ကို နာမည်ပြောင်းမယ်ဆိုရင်တောင် ကျနော်တို့ ဘာမှမတတ်နိုင်ဘူး"
အဲဒီတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ သတ်မှတ်ဂုဏ်ပြုဖို့ ပေါင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက အဆိုတင်သွင်းခဲ့တာကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
အဲဒီတံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ အမည်ပေးဖို့အတွက် ဖေဖော်ဝါရီ လဆန်းလောက်က သတင်းတွေထွက်ပေါ်ချိန်မှာ မွန်လူထုက ကန့်ကွက်ခဲ့ကြပြီး ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကလည်း မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ အပါအဝင် လူ ၃ ထောင်ခန့်ကလည်း ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။
မနက်ဖြန် မတ်လ ၁၉ ရက်နေ့မှာလည်း ဒေသအသီးသီးမှာရှိတဲ့ မွန်တိုင်းရင်းသားတွေ စုပေါင်းပြီး မော်လမြိုင်မြို့မှာ ဆန္ဒပြကြမှာဖြစ်ပါတယ်။
UNA အနေနဲ့လည်း ဒေသခံပြည်သူတွေရဲ့ဆန္ဒကို လေးစားထောက်ခံနေမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။