ကလေးစစ်သားကို မိဘထံပြန်ပို့

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ဌာနေရုံးက ကူညီ ဆောင်ရွက်ပေးတဲ့အတွက် အသက် ၁၆ နှစ်နဲ့ စစ်တပ်ထဲရောက်သွားခဲ့တဲ့ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်က မောင်လှမင်းကို သူ တာဝန်ကျနေတဲ့ တပ်စခန်းကနေ မိဘတွေထံ ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

2010.09.22

ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် စီမံကိန်း ၂ ရပ်ကွက်နေ ဦးဟန်ကို၊ ဒေါ်လှခင်ညွန့်တို့ရဲ့သား မောင်လှမင်းကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပြီး ပြန်လွတ်လာချိန်မှာတော့ သူ့ရဲ့ အသက်က ၁၇ နှစ် ရှိပြီ ဖြစ်ပါတယ်။

သူဟာ ၂၀ဝ၉ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန်ဘူတာကြီးမှာ ကလေးစစ်သားအဖြစ် စုဆောင်း ခံလိုက်ရတာ ဖြစ်ပြီး မောင်လှမင်းက သူ့ရဲ့အတွေ့ကြုံကို RFA ကို အခုလို ပြောပါတယ်။

“ကျနော် ဒီရန်ကုန်ဘူတာကြီးကနေပြီး ဆရာကြီး တယောက်နဲ့ လိုက်သွားတာ၊ လိုက်သွားရင်းနဲ့ ကျနော် အဲဒီမှာ ဟို မန္တလေး စုဆောင်းရေးကနေပြီးတော့မှ တခါ ကျနော် သပိတ်ကျင်း လေ့ကျင့်ရေး (၂) ရောက်သွားတာ စစ်သင်တန်းကတော့ အဲဒီမှာ လေးလခွဲ၊ သေနတ်ပစ်တာတို့ စစ်ရေးပြတာတို့ အဲဒါတွေ သင်ခဲ့ရတယ်၊ ပြီးတော့ ကျနော် ရှမ်းပြည်မြောက်ပိုင်းက လောင်ကိုင်ကနေပြီးတော့ ခလရ ၁၂၅ ကို ရောက်သွားတယ်၊ ဒီကနေ တိုင်တော့မှ သူတို့က ဟို ကကကြည်းကနေ တခါတည်း ထွက်ခွင့်ကျတာ။”

သူနဲ့ သက်တူရွယ်တူ လူငယ်လေးတွေ ခလရ ၁၂၅ တပ်ရင်းမှာ စစ်မှုထမ်းနေတာ တွေ့ခဲ့တယ်လို့ မောင်လှမင်းက ပြောပါတယ်။ သူ့ကိုစစ်တပ်ကနေ တရားဝင် ထွက်ခွင့်ပေးလိုက်ပြီး တပ်အရာရှိတွေ ကိုယ်တိုင် အိမ်လိုက်ပို့ပေးတာ ဖြစ်ကြောင်း ပြောပါတယ်။

ကလေးရဲ့ မိသားစုက စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်ဝေထံ အခုနှစ် ဇူလိုင်လမှာ သွားပြီး အကူအညီတောင်းတဲ့အတွက် အိုင်အယ်လ်အိုရုံးကို သွားပြီး တိုင်ကြားပေးခဲ့တာလို့ သိရပါတယ်။

မြန်မာပြည်မှာ တည်ဆဲဥပဒေအရ အသက် ၁၈ နှစ် မပြည့်သူတွေ စစ်မှုထမ်းခွင့် မပြုဘူးဆိုပေမဲ့ ကလေး စစ်သားအဖြစ် စုဆောင်းနေရတဲ့ အမှုတွေက အများအပြား ရှိနေဆဲဖြစ်တယ်လို့ အိုင်အယ်လ်အိုရုံးနဲ့ ဆက်သွယ် ကူညီဆောင်ရွက်ပေးနေတဲ့ စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်ဝေက ပြောပါတယ်။

“တဖက်မှာ ပြန်ပြီးတော့ နုတ်ထွက်ခွင့်ပေးသလို တဖက်မှာလည်း စုဆောင်းမှုတွေက များပြားလာတာကိုတွေ့ ရတယ်၊ အခုဆိုလို့ရှိရင် ပြီးခဲ့တဲ့ ခုနှစ်လပိုင်း၊ ရှစ်လပိုင်း၊ ကိုးလပိုင်းအထိ ဆိုလို့ရှိရင် အယောက်သုံးဆယ်လောက် ရှိမယ်၊ ဒီနှစ်အတွင်းမှာ ပြောမယ်ဆိုလို့ရှိရင်တော့ဗျား၊ တိုင်ကြားတာတွေကော တိုင်ကြားရင်းနဲ့လည်း သိရှိရတဲ့ စာရင်းအရ ဆိုလို့ရှိရင်တော့ ၂၀ဝ ကျော်လောက် ရှိတယ်လို့ ခန့်မှန်းလို့ ရတာပေါ့ဗျား။”

ဒါကတော့ ကလေးစစ်သားကိစ္စ ကူညီဖြေရှင်းပေးနေသူ စမ်းချောင်း အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေ ပြောသွားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။