ဓားပလိုင်း ကိုင်ဆောင်သွားလာရင် အရေးယူမည်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ ဓလေ့ထုံးစံအရ ဓားပလိုင်းတွေ ကိုင်ဆောင်သွားလာတာကို ချင်းဝိသေသတိုင်း အက်ဥပဒေပုဒ်မ ၃၄(၆) အရ အရေးယူသွားမယ်လို့ ဇန်နဝါရီလ ၃ ရက်နေ့ရက်စွဲနဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီလိုဓားပလိုင်းတွေ လွယ်ထားရင် ရာဇဝတ်မှုတွေကျူးလွန်ဖို့ လွယ်ကူတဲ့ အခြေအနေရှိနေကြောင်း၊ ခေတ်နဲ့အညီ တိုးတက်လာနေပြီဖြစ်တဲ့အတွက် ရှေးတုန်းကလို တစ်နေရာနဲ့တစ်နေရာသွားလာတဲ့အခါမှာ တောကောင်တွေရန်က ကာကွယ်ဖို့လည်း မလိုတော့ဘူးလို့ ယူဆတဲ့အတွက် အခုလို ကြေညာချက်ထုတ်ပြန်တာဖြစ်ကြောင်း မင်းတပ်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်သန်းက RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေရှိခဲ့ကာ ဒေသခံအများစုက အဲဒီလို ကန့်သတ်ဖို့ ဆန္ဒရှိတဲ့အတွက် နောက်ဆုံး အဆင့် အခုလို ကြေညာချက်ထုတ်လိုက်တာလို့လည်း ဦးအောင်သန်းက ပြောပါတယ်။

ဒါပေမဲ့ ဘာသာရေးနဲ့ ရိုးရာပွဲလမ်းသဘင်တွေမှာတော့ ဓား၊ လှံ၊ လေး၊ မြှား၊ တူမီးသေနတ်စတာတွေကို ခွင့်ပြုချက်နဲ့ ကိုင်ဆောင်ခွင့်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။