မင်းတပ်မှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညအချိန်ထိ တိုက်ပွဲဆက်ဖြစ်နေ

2021-05-12
Share
မင်းတပ်မှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညအချိန်ထိ တိုက်ပွဲဆက်ဖြစ်နေ ချင်းပြည်နယ်မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
File Photo: RFA

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား ဒီကနေ့ ညပိုင်းထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံ CDF အဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီဘက်က ဆမီးမြို့ကနေ လာမယ့် စစ်ကား ၁၇ စီးကို မင်းတပ်မြို့ပေါ်ကနေ ဖြတ်သန်းသွားလာခွင့်ပေးဖို့ တောင်းဆိုချက်ကို CDF ဘက်က သဘောမတူတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဆိုပါတယ်။

‘ပစ်ခတ်မှုက ၇ နာရီဝန်းကျင်လောက်က စတာဗျ။ အကျအဆုံးတော့မရှိသေးဘူး’ လို့ မင်းတပ် CDF အဖွဲ့ဝင်တစ်ဦးက ဒီည ၈ နာရီမှာ RFA ကိုပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ CDF တို့ညှိနှိုင်းပြီး မြို့ပေါ်မှာ စစ်ကြောင်းသွားလာခွင့်ကို မင်းတပ်မြို့ CDF က ခွင့်ပြုထားပေမယ့် ဆမီးမြို့ကလာမယ့် တပ်သား ၂၀၀ ပါတဲ့ စစ်ကြောင်းကို မြို့ကို ဖြတ်သန်းခွင့်မပြုတာ ဖြစ်ပါတယ်။

စစ်တပ်ဘက်က ဒီစစ်ကြောင်းကို ဖြတ်ခွင့်ပြုမှ CDF တောင်းဆိုထားသလို ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးမယ်လို့ ပြောဆိုထားကြောင်း CDF ဘက်ကပြောပါတယ်။

"သူတို့က ဖမ်းထားတဲ့ သူတွေကိုလည်း အကုန်မလွှတ်ပေးဘူး၊ သူတို့က စစ်တပ်ကား ဖြတ်မယ် ပြောလို့လေ။ စစ်တပ်ကား ၁၇ စီးဖြတ်ဖို့ ကျွန်တော်တို့က မဖြတ်ခိုင်းဘူး။ အဲ့ဒီကားတွေ မတူပီမှာ ရှိနေတယ်" … လို့နောက်ထက် မင်းတပ် CDFအဖွဲ့ဝင်တစ်ဦးက RFAကို ပြောပါတယ်။

အဲ့ဒီ စစ်သား ၂၀၀ လောက်ပါတဲ့ စစ်ကား ၁၇ စီးဟာ မင်းတပ်ကနေ ဖြတ်ပြီး ဘယ်ကိုသွားမှာလဲဆိုတာကို တိတိကျကျ မသိရဘူးလို့ဆိုပါတယ်။

မင်းတပ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်တပ်တို့ကြား ဧပြီလကုန်ပိုင်းက သုံးရက်ဆက်တိုက်တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀ ကျော်သေဆုံးခဲ့ပေမယ့် ပြည်သူဘက်က သေဆုံးတာမရှိဘူးလို့ Chinland Defense Force – Mindat ကထုတ်ပြန်ထားပါတယ်။

ဒီညမင်းတပ်မြို့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို RFA က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ အာဏာသိမ်းပြီးနောက် အခြေအနေ အရပ်ရပ်နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က အမြဲဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့