ကိုးကန့်ဒေသတိုက်ပွဲမှာ မြန်မာစစ်လေယာဉ်တစ်စင်းရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က တရုတ်နိုင်ငံသား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တဲ့ လုပ်ရပ်အတွက် တရုတ်အစိုးရက ပြစ်တင်ရှုတ်ချလိုက် ပါတယ်။
တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လျူရှန်မင်းက ဘေဂျင်းမြို့မှာရှိတဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို ဆင့်ခေါ်ပြီး တရုတ်နိုင်ငံသားတွေ သေဆုံးရမှုအတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပြော ကြားခဲ့တာပါ။
လောလောဆယ် တရုတ်တရုတ်အစိုးရဟာ ဂျက်တိုက်လေယာဉ် အတော်များများကို တရုတ်-မြန်မာနယ်စပ် ကို စေလွှတ်ပြီး ကင်းလှည့်စောင့်ကြည့်ရေး တာဝန်ပေးထားတယ်လို့ တရုတ်လေတပ် ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။
ကိုးကန့်ဒေသမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြန်မာဒုက္ခသည် ၃ သောင်းကျော်လောက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံခဲ့ကြတယ်လို့လည်း တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
