တရုတ်ပြည်ထဲ ခြောက်လကျော်ကြာ ပိတ်မိနေတဲ့ ကုန်ကားတွေ ပြန်ခွင့်ရ

တရုတ်နိုင်ငံထဲ ခြောက်လကျော်ကြာ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကား အစီး လေးရာကျော် ထဲက ကား ၁၂ စီးကို ဇန်နဝါရီ ၂၅ ရက် မနေ့က ကချင်ပြည်နယ်ထဲက မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်ဆီ တရုတ်အာဏာပိုင်တွေက ပြန်ခွင့်ပြုလိုက် ပါတယ်။

တရုတ်ဘက်ကနေ ကုန်ကား ၁၂ စီးကို လွယ်ဂျယ်နယ်စပ်ဂိတ်ဆီ တရုတ်အာဏာပိုင်တွေ က မောင်းပြီး ပြန်ပို့လာတယ်လို့ ကုန်တင်ကားပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

"တရုတ်မှာ ပိတ်နေတဲ့ကားတွေကို လွယ်ဂျယ်ဂိတ်ကို ပို့တယ်။ ပိတ်မိနေတဲ့ကားတွေ တော့ တော်တော်ဆွေးသွားတဲ့ဟာတွေလည်းရှိသလို ကားစက်ပိုင်းတွေ၊ ဂီယာဘောက် တွေ ပျက်သွားတာတွေလည်း ရှိတယ်လို့ကြားရတယ်။ အခုမောင်းပို့တာက ကောင်းနေ သေးတဲ့ ကားတွေကို အရင်မောင်းပို့တာ"

ကချင်ပြည်နယ်ထဲက လွယ်ဂျယ်-လားရင်းဂိတ်ကနေ ဇူလိုင် ၅ ရက်နေ့ကတည်းက မြန်မာဘက်ကနေ ပဲတီစိမ်း၊ နှမ်း၊ မြေပဲဆံ စတဲ့ ကုန်တွေကို တရုတ်နိုင်ငံထဲအထိ သွားပို့တဲ့ ကုန်တင်ကား အစီးလေးရာကျော်တို့ဟာ ဇူလိုင် ၁၁ ရက်နေ့မှာ ကိုဗစ်ကပ်ရောဂါ အကြောင်းပြပြီး တရုတ်အာဏာပိုင်တွေက ဂိတ်ပိတ်လိုက်တဲ့အတွက် မြန်မာပြည်ဘက် ပြန်လာခွင့်မရ ဖြစ်နေရတာပါ။

အခုနှစ် ဇန်နဝါရီ ၁၇ ရက်က အဲဒီနယ်စပ်ဂိတ် ပြန်ဖွင့်ခဲ့ပေမယ့်လည်း တရုတ်အာဏာပိုင် တွေဘက်က စည်းကမ်းတင်းကျပ်မှုတွေနဲ့အတူ တစ်နေ့ ကားအစီးရေ အနည်းငယ်သာ ကုန်တင်ပို့ခွင့်သာ ရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံဘက်ဆီ တစ်ရှူးငှက်ပျောပို့တဲ့ ကုန်တင်ကား အစီး ၂၀၀ ကျော် တို့လည်း အဲဒီစည်းကမ်း တင်းကျပ်မှုတွေကြောင့် မြန်မာပြည်ဘက်အခြမ်း လွယ်ဂျယ်မြို့မှာတင် ပိတ်မိနေတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ရက်ကြာလာတဲ့အတွက် တစ်ရှူးငှက်ပျောတွေ မှည့်လာတာမို့ ပစ္စည်းဆုံးရှုံးမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။