သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအနီးက ရေဘေးဒုက္ခသည်တွေကို တရုတ်ကူညီ
ရာဂီ မုန်တိုင်းအရှိန်ကြောင့် မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတဲ့နေရာအနီးက ရေဘေးသင့်တဲ့ ကျေးရွာသုံးရွာကို စက်တင်ဘာ ၁၆ နေ့က စားနပ်ရိက္ခာ လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စက်တင်ဘာလ ၁၉ ရက် မနေ့ညက ထုတ်ပြန်ပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းရဲ့ ဇော်ဂျီမြစ်ကို ဖြတ်သန်းတဲ့နေရာအနီးက ဉာဏ်ဂွေ (Nyan Gwae) ၊ ကံသစ် (Gan Thit)နဲ့ ပတ်သား (Pat Thar) ရွာတွေဟာ ဆိုးဆိုးဝါးဝါး ရေဘေးသင့်ပြီး အိမ်ခြေမဲ့တွေ ဖြစ်သွားတာကြောင့် အဲဒီသုံးရွာကို လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘယ်မြို့နယ်တွေမှာ ထောက်ပံ့ခဲ့တာလဲဆိုတာ တရုတ်သံရုံးက ဖော်ပြထားတာ မရှိပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ ကျပ်ငွေသိန်း ၁၅၀ ဖိုး တန်ဖိုးရှိတဲ့ ဆန် ၆၅ အိတ်၊ စားအုန်းဆီ ၂၅၅ ဗူး၊ ခေါက်ဆွဲခြောက် ၂၅၅ ဖာတို့ကို ကူညီလှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်သံရုံးရဲ့လှူဒါန်းမှုကို ဦးဆောင်တဲ့ မန္တလေး လည်ပတ်ရေးစင်တာက ဝန်ထမ်းတွေကလည်း စက်တင်ဘာ ၁၇ နေ့အထိ အလှူငွေကျပ် ၃၂ သိန်းကျော် ရရှိခဲ့တာကြောင့် ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေကိုဝယ်ပြီး လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကိုဖြတ်ပြီး ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ တည်ဆောက်ထားတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဟာ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။