အာဆီယံ-တရုတ် အစည်းအဝေးမစခင် မြန်မာစစ်ခေါင်းဆောင်နဲ့ တရုတ် အရင်တွေ့ဆုံ

2021-06-06
Share
အာဆီယံ-တရုတ် အစည်းအဝေးမစခင် မြန်မာစစ်ခေါင်းဆောင်နဲ့ တရုတ် အရင်တွေ့ဆုံ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာလေဆိပ်မှာ ၂၀၂၁၊ ဧပြီ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: AFP

အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ဆက်ထိန်းထားချင်ပြီး မြန်မာနိုင်ငံတွင်း တည်ငြိမ်ရေး အတွက် အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ သဘောတူဆုံးဖြတ်ချက်တွေကို ညှိနှိုင်းအကောင်အထည်ဖော်သွားဖို့ ဆန္ဒရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

တရုတ်သံအမတ် ချန်ဟိုင်း (Chen Hai) နဲ့ နေပြည်တော်မှာ မနေ့က တွေ့ချိန်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန် ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongquing မြို့မှာ တရုတ်နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မနက် ဖြန် မတွေ့ဆုံခင် စစ်ကောင်စီခေါင်းဆောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့ တွေ့ဆုံကြတာပါ။

ပြည်တွင်းတည်ငြိမ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအပြင် အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည် ဖော်ရအောင် အာဆီယံနဲ့ မြန်မာနိုင်ငံက အတူဆောင်ရွက်ဖို့ ဆန္ဒရှိပြီး အရေးကြီးတဲ့ အိမ်နီးချင်းတစ်နိုင်ငံ အဖြစ် တရုတ်နဲ့ ဆက်ဆံမြဲဆက်ဆံလိုကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံကလည်း အပြုသဘောဆောင် အခန်းကဏ္ဍက ဆက်လက်ပါဝင်ပြီး အာဆီယံနဲ့ မြန်မာ ရရှိထားတဲ့ ဘုံသဘောတူချက် အကောင်အထည်ဖော်ရေးအတွက် ထောက်ခံတယ်လို့ တရုတ်သံအမတ်က ပြောပါတယ်။

တရုတ်-မြန်မာ အစဉ်အလာရှိတဲ့ ချစ်ကြည်ရေးကို တန်ဖိုးထားပြီး အစဉ် ရင်ဝယ်ပိုက်ထားတယ်လို့ တရုတ် သံအမတ်က ပြောပါတယ်။ တစ်ဆက်တည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အမြန်ဆုံးပြန်ရောက် ရှိဖို့ မျှော်လင့်ပါကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့