အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ရင်းနှီးမြှုပ်နှံမှု တရုတ်မစိုးရိမ်

အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေက ကုမ္ပဏီတွ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံနေ ကြတာကို တရုတ်ကုမ္ပဏီတွေအနေနဲ့ စိုးရိမ်ပူပန်မှု တစုံတရာမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး သံမှူး Mr Jin Honggen က RFA ကို ဒီကနေ့ ပြောကြားလိုက် ပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်မှာရှိတဲ့ တရုတ်ယဉ်ကျေးမှု ဌာနမှာ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာမီဒီယာ ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက လာရောက်ရင်းနှီးမြုပ်နှံတဲ့ အပေါ် တရုတ်ကုမ္ပဏီတွေရဲ့ စိုးရိမ်ပူပန်မှုအခြေအနေ နဲ့ ပတ်သက်ပြီး RFA က မေးမြန်းချက်ကို Mr Jin Honggen က စကားပြန်ကနေတဆင့် အခုလိုဖြေကြားလိုက်တာပါ။

ဒါအပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်းမှာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာဘီလျံ ၂ဝ ကျော်ပမာဏအထိ ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နံပါတ်တစ်နိုင်ငံဖြစ်တယ်လို့ Mr Jin Honggen က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြုပ်နှံမယ်ဆိုရင် မြန်မာ-တရုတ်နှစ်နိုင်ငံ ဥပဒေစည်းမျဉ်းတွေကို ကိုယ်တိုင်အသိစိတ်ဓာတ်နဲ့ လိုက်နာကြဖို့၊ ဥပဒေသတ်မှတ်ချက်အတိုင်း အခွန်ပေးဆောင်ဖို့၊ မြန်မာပြည်သူပြည်သားတွေနဲ့ ယုံကြည်မှုရရှိအောင် တည်ဆောက်ဖို့၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေးစောင့်ရှောက်ဖို့စတဲ့ အချက်တွေပါဝင်တဲ့ စည်းမျဉ်းတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာမီဒီယာများတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကုမ္ပဏီများ အသင်းဥက္ကဌ Mr Lv Desing အပါအဝင် မြစ်ဆုံစီမံကိန်းဆောင်ရွက်နေတဲ့ CPI ကုမ္ပဏီ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်နေတဲ့ Wanbao ကုမ္ပဏီနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ CNICO ကုမ္ပဏီက တာဝန်ရှိသူတွေကလည်း သူတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးရှင်းလင်းခဲ့ပါတယ်။