မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် တရုတ်သဘောထား တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

2021-03-08
Share
မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် တရုတ်သဘောထား တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို မြင်တွေ့ရစဉ်
AFP Photo

မြန်မာနိုင်ငံမှာ ဘယ်လိုပြောင်းလဲမှုတွေပဲရှိရှိ တရုတ်နိုင်ငံဘက်က တရုတ်-မြန်မာ ဆက်ဆံရေး မြှင့်တင်ဖို့ ထားရှိတဲ့ သန္နိဋ္ဌာန် ယိမ်းယိုင်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yiရဲ့ ပြောဆိုချက် ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီနေ့ ထပ်ဆင့်သတင်း ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံမိသားစုအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံအနေနဲ့ တဘက်နိုင်ငံက ပြည်ထဲရေးရာ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဘဲ ဆွေးနွေးညှိနှိုင်း သဘောတူညီခြင်းမူကို စွဲကိုင်ထားလို့ အာဆီယံနည်းနဲ့ ဘုံသဘောတူညီချက်ရအောင် ကြားဝင်စေ့စပ်ဖို့ကို တရုတ်ဘက်က ထောက်ခံတယ်လို့ ဆိုပါတယ်။

မတ်လ ၇ ရက်နေ့ မနေ့ကကျင်းပတဲ့ ၁၃ ကြိမ်မြောက် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် NPC စတုတ္ထအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်ဟာ NLD ပါတီအပါအဝင် မြန်မာ့နိုင်ငံရေးပါတီ အများအပြားနဲ့ နှစ်ရှည်လများ ဆက်ဆံခဲ့ပြီး ဖြစ်တယ် လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ အရေးအကြီးဆုံးက သွေးထွက်သံယိုမှုတွေ နောက်ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့နဲ့ အခြေအနေတင်းမာမှု အမြန်ဆုံးဖြေလျှော့ရေး ဖြစ်တယ်လို့ တရုတ်က သူ့သဘောထား ကို ပြောပါတယ်။

တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ဆိုတဲ့ ဦးတည်ချက်လည်း ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ပဋိပက္ခနဲ့ သဘောထားကွဲလွဲမှုတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ တရုတ်ဘက်က မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောထားပါတယ်။

ကေသီ
ကေသီ says:
2021-03-08 22:34

တရုတ်အစိုးရ ကြားဝင်မှုကို ပြည်သူများလက်မခံပါ စစ်တပ်အာဏာသိမ်းမှုသည် အစကနဦးကပင် တရုတ်ရဲ့ ပတ်သက်မှုပါဝင်နေခြင်းကြောင့်ဟူ လူအများယုံကြည်ပါသည် နှစ်ပေါင်းများစွာ မြန်မာပြည်အပေါ် ဂုတ်သွေးစုတ်အနိုင်ကျင့်ခဲ့သော တရုတ်နိုင်ငံအား ကြားဝင်ရန် လုံးဝအယုံကြည်မရှိပါ

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့