နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ပြည်သွားမယ်


2017.05.11
dassk-depart-china-620.jpg ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တရုတ်နိုင်ငံကိုသွားဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office Facebook

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံသမ္မတရဲ့ ဖိတ်ကြားချက်အရ ဖိုရမ် အစည်းအဝေးကို တက်ရောက်ဖို့အတွက် လာမယ့် မေလ ၁၃ ရက်နေ့မှာ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ် တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ လာမယ့် မေလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပမယ့် One Belt, One Road Forum ကို တက်ရောက်ဖို့အတွက်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မိုးထွန်း က ပြောပါတယ်။

" မစ္စတာ ရှီကျင်းပင် ဖိတ်ကြားတဲ့အတွက်ကြောင့် One Belt , One Road အစည်းအဝေး တက်ရောက်ဖို့ အတွက် သွားတာပါခင်ဗျ၊ အစည်းအဝေးက ၁၄၊ ၁၅ လုပ်မှာပါ၊ ပေကျင်းမှာ လုပ်မှာ၊ One Belt , One Road ဖြစ်တဲ့အတွက်ကြောင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးနဲ့ အခြားဝန်ကြီးဌာန ဒုဝန်ကြီးတွေ ပါပါမယ်ခင်ဗျ"

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်ကို တရုတ်သမ္မတရှီကျင်းပင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါတယ်။

အဲဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းပင်၊ ဝန်ကြီးချုပ် လီကာရှန်အပါအဝင် တရုတ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန်စတဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်ကနေ မနေ့ကမှ ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။