ရခိုင်ပြည်နယ်က တရုတ်စီမံကိန်းတွေ AA ထိန်းချုပ်

RFA Burmese
2024.12.28
ရခိုင်ပြည်နယ်က တရုတ်စီမံကိန်းတွေ AA ထိန်းချုပ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းလုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိတဲ့အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားကြောင်း လွတ်လပ်တဲ့သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP -Myanmar) က ဒီဇင်ဘာ ၂၈ ရက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ရင်းနှီးမြှုပ်နှံမှုရှိတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ နီးပါးရှိတဲ့ ရေနံပိုက်လိုင်းစီမံကိန်းနဲ့ ဒေါ်လာ သန်း ၁၈၀ ရှိတဲ့ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်းတွေဟာ စီမံကိန်းအကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် စီမံကိန်း ခုနစ်ခုကတော့ မြေပြင်မှာ စီမံကိန်းအကောင်အထည်မဖော်ရသေးတဲ့ လျာထားချက်အဆင့် စီမံကိန်းတွေဖြစ်တယ်လို့ SIP-Myanmar က ပြောပါတယ်။

အကောင်အထည် ဖော်ဖို့ ရှိတဲ့နေတဲ့ စီမံကိန်းကြီးတွေအထဲ အမေရိကန် ဒေါ်လာ သန်း ၉၆၀၀ ရင်းနှီးမြှုပ်နှံမဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းလည်း ပါဝင်တယ်လို့ဆို ပါတယ်။

နောက်ထပ် တရုတ် စီမံကိန်းတွေဖြစ်တဲ့ မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်း စီမံကိန်း၊ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အပါအဝင် ကုန်သွယ်ရေး လမ်းကြောင်းတွေကို AA က တစ်စိတ်တပိုင်း ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအခြေအနေကြောင့် တရုတ်လုံခြုံရေးအင်အားစုတွေ မြန်မာပြည်ထဲကို ဝင်ရောက်နိုင်ခြေ ပိုများလာတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။

“အဲဒီအပေါ်မှာ ကျွန်တော် ထင်တာက အခု စကစနဲ့ သူတို့ရဲ့ ညှိနှိုင်းထားမှုအရဆိုလို့ရှိရင် တရုတ်လုံခြုံရေး အင်အားစုတွေ ပိုပြီးတော့ ကျွန်တော်တို့ ဗမာပြည်ထဲကို ဝင်ရောက်လာနိုင်တဲ့ အနေအထားက ပိုပြီးတော့ ဖြစ်နိုင်ခြေများတယ်လို့ ထင်ပါတယ်။ အဲဒီလို အနေအထားထိ ဖြစ်လာတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ပြည်တွင်း၊ ပြည်ပမှာ ကန့်ကွက်မှုတွေ၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးငြင်းခုန်ရတာတွေ မုချရှိလာပါလိမ့်မယ်”

တရုတ် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတာ အာရက္ခတပ်တော် (AA) က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

တရုတ်ဘက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မော်နင်း (Mao Ning) က ဒီဇင်ဘာလ ၁၀ ရက်နေ့ကလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

အာဏာသိန်း သုံးနှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော်ရရှိခဲ့တဲ့ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ မူဆယ် အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်း ငါးခုကို ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ISP –Myanmar က အောက်တိုဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။