တရုတ်အာကာသယာဉ်ကနေ စွန့်ပစ်လိုက်တဲ့ပစ္စည်းတွေ ဩဂုတ်လ ၂၁ ရက်နေ့က ရခိုင်ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာလည်း ဂွမြို့နယ်ရဲ့ အနောက်ဘက် ၆၆ ကီလိုမီတာအကွာ ပင်လယ်ပြင်နဲ့ မာန်အောင်ကျွန်းရဲ့ တောင်ဘက် ၁၀၄ ကီလိုမီတာခန့် ပင်လယ်ပြင်မှာ တရုတ်အာကာသယာဉ်ရဲ့ စွန့်ပစ်ပစ္စည်းတွေ ကျရောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အာကာသယာဉ်ရဲ့ စွန့်ပစ်ပစ္စည်းတွေ ရခိုင်ပင်လယ်ပြင်မှာ မကြာခဏ ကျရောက်လေ့ ရှိပေမယ့် ဒေသခံတွေ ကြိုတင်မသိခဲ့ကြတာကြောင့် အန္တရာယ်ရှိတယ်လို့ ကိုရီးယား အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေး လူငယ်အဖွဲ့ (International Peace Youth Group) ရဲ့ မြန်မာနိုင်ငံပြောခွင့်ရသူ မာန်အောင်ဒေသခံ ကိုအောင်မြင့်သူက RFA ကိုပြောပါတယ်။
"ဒီအာကာသယာဉ်တွေရဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ရခိုင်ပင်လယ်ပြင်ကို အမြဲလိုလို ကျတာရှိတယ်။ ဒါပေမဲ့ ဒေသခံတွေက သတင်းအချက်အလက်တွေ မရကြဘူး၊ မသိကြဘူးပေါ့။ ဒါကြောင့် ဒေသခံတွေအတွက် စိုးရိမ်စရာ ဖြစ်လာတယ်။ ဘာလို့လဲ ဆိုတော့ ဒီပင်လယ်ပြင်ဟာ ဒေသခံတွေ အမြဲတမ်းသွားလာနေတဲ့ ပင်လယ်ပြင်တွေလေ။ ခရီးသွားလာနေတာရှိတယ်။ ငါးဖမ်းတာတွေရှိတယ်။ မတော်လို့ လေပြင်းအားတွေ ကြောင့် ကျမယ့်နေရာပြောင်းပြီး ဒေသခံတွေအနီးအနားမှာ ကျသွားရင် အသက်အန္တရာယ်ရှိတယ်လေ"
တရုတ်အာကာသယာဉ်တွေရဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ၂၀၂၀ ပြည့်နှစ်က တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်က နှစ်ကြိမ်၊ ၂၀၂၂ ခုနှစ်က နှစ်ကြိမ် ရခိုင်ပင်လယ်ပြင်ကို ကျရောက်ခဲ့ပြီး အခုတစ်ကြိမ်နဲ့ဆို စုစုပေါင်းခြောက်ကြိမ် ရှိသွားပါပြီ။
အခုလို ကျရောက်နေတာကြောင့် ရခိုင်ပင်လယ်ပြင်ရဲ့ ရေနေသတ္တဝါတွေနဲ့ သန္တာကျောက်တန်းတွေအပါအဝင် အဏ္ဏဝါဂေဟစနစ်အပေါ်မှာ ထိခိုက်ပျက်စီးမှု အများကြီးဖြစ်နိုင်တယ်လို့ ကိုအောင်မြင့်သူက ဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ အခုတစ်ကြိမ် ကျရောက်ခဲ့မှုအတွင်း တစ်စုံတစ်ရာ ထိခိုက်တာမရှိဘူးလို့ ဖော်ပြထားပါတယ်။