မြန်မာပြည်ငြိမ်းချမ်းရေး တရုတ်ကူညီမယ်လို့ ပြော


2018.07.12
sun-guoxiang-622.jpg တရုတ်နိုင်ငံခြားရေးဌာနက အာရှရေးရာ အထူးသံတမန် Sun Guoxiang ကို ၂၀၁၈ ဇူလိုင် ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA

ငြိမ်းချမ်းရေးမရရှိရင် မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အန္တရာယ်ရှိကြောင်းနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးရဖို့ တရုတ်နိုင်ငံက အစွမ်းကုန်ကူညီသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက အာရှရေးရာ အထူးသံတမန် က ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော် Horizon Lake View ဟိုတယ်မှာ သတင်းမီဒီယာတွေနဲ့ တေ့ွဆုံစဉ် မစ္စတာဆွန်ကော့်ရှန်း (Sun Guoxiang) က ဘာသာပြန်က တဆင့် အခုလို ပြောလိုက်တာပါ။

"ငြိမ်းချမ်းရေးမရရှိဘူးဆိုရင် တည်ငြိမ်အေးချမ်းမှုအပေါ်မှာလည်း အန္တရာယ်ရှိပါတယ်၊ တရုတ်ဘက်ကလည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် အစွမ်းကုန်ကူညီပေးနေပါတယ်၊ မြန်မာတနိုင်ငံလုံးမှာ ငြိမ်းချမ်းရေးရင် တရုတ်မြန်မာနယ်စပ်ဟာ တည်ငြိမ်အေးချမ်းမှုရရှိလာမှာဖြစ်ပါတယ်"

UWSA "ဝ" အဖွဲ့၊ KIA ၊ SSPP/SSA နဲ့ မိုင်းလားအဖွဲ့ NDAA က ခေါင်းဆောင်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဒီနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ အလားတူ ကိုးကန့်၊ ရခိုင်အဖွဲ့ AA နဲ့ TNLA တအာင်းပလောင် အဖွဲ့တွေကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ဒီနေ့ သီးသန့့်တွေ့ဆုံဆွေးနွေးပွဲဟာ တိုးတက်မှုအများကြီးရှိတယ်လို့ ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ TNLA တအာင်းပလောင်အဖွဲ့ ဒုဥက္ကဌ တားခူးလန်း က ပြောပါတယ်။

မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့ တိုက်တွန်းကူညီမူနဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။