ဆက်သွယ်မေးမြန်းချက်
RFA - သမ္မတဦးဝင်းမြင့် ဘယ်လိုလွတ်မြောက်လာတာလဲ။
ဒေါက်တာမျိုးညွှန့် - “သမ္မတကြီးက ဥပဒေသမားလည်းဖြစ်တယ်။ ဥပဒေကို ကောင်းကောင်းနားလည်ပါတယ်။ ၄၀၁ ရဲ့ သဘောက ပြစ်မှုကျူးလွန်ခဲ့တဲ့အတွက် လျှော့ပေါ့လိုက်တယ်။ နောင် အကယ်၍ ဒီပြစ်မှုမျိုး ထပ်ကျူးလွန်ရင် တပေါင်းတည်း ကျခံရမယ်ဆိုတဲ့ သဘောပါ။ အဲဒီတော့ သူက ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဘူး ငါးပါးသီလလုံခြုံတဲ့သူဖြစ်တယ်။ အဲဒီတော့ နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံရပေမဲ့ ပြစ်မှုကျူးလွန်တဲ့သူတွေ လက်မှတ်ထိုးရတဲ့ ၄၀၁ အပိုဒ် (၁) ကို သူလက်မှတ်မထိုးနိုင်ပါဘူး ဒါကိုအထက်ကို တင်ပြပါလို့ပြောတော့ အထက်ကို တင်ပြပြီးတဲ့အခါမှာ သူတို့တာဝန်ရှိလူတွေက ၄၀၁ အပိုဒ် (၁) ကိုဖတ်ပြမယ် သမ္မတကြီးကလည်း ကြားတယ် အဲဒါဆိုရင် လုံလောက်လို့ သူတို့ပြန်ပို့မယ်ဆိုပြီးတော့ အခုပြန်ပို့လိုက်တာပဲ ဖြစ်ပါတယ်”
RFA - ကျန်းမာရေးအခြေအနေရော ဘယ်လိုရှိပါသလဲ။
ဒေါက်တာမျိုးညွှန့် - “သမ္မတကြီးက စိတ်ရောကိုယ်ရော ကျန်းကျန်းမာမာနဲ့ ထိန်းသိမ်းမခံခင်ကအတိုင်းပဲ သွက်သွက်လက်လက် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ရှိပါတယ်ခင်ဗျ။ သမ္မတကြီးလွတ်လာတာတော့ ကျနော်တို့အတွက် အင်မတန်အားရှိတဲ့အချက်ပါပဲခင်ဗျ။ ကျနော်တို့ ရှေ့ဆက်ပြီးတော့ နိုင်ငံရေးအရ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို သမ္မတကြီး ကျန်းမာရေးအရ ဆေးစစ်မှုခံယူပြီးနောက်မှာ ကျနော်တို့ ပြန်လည်ဆွေးနွေးကြရမှာပါ။”
RFA - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ရော ဘာများသိထားပါသလဲ။
ဒေါက်တာမျိုးညွှန့် - “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ နေပြည်တော်မှာ အကျယ်ချုပ် ချမယ်၊ ရန်ကုန်ကိုပြန်ပို့ပြီး အကျယ်ချုပ်ချမယ် သတင်းတွေအမျိုးမျိုးထွက်နေပေမဲ့ အဲဒီနေရာဒေသတွေကို လိုက်စုံစမ်းတဲ့အခါမှာ အဲဒီမှာရှိနေတဲ့သူတွေက တစ်စုံတစ်ရာ အကြောင်းကြားတာမရှိဘူး။ တစ်စုံတစ်ရာ ပြင်ဆင်ထားတာမရှိဘူးလို့ ပြောပါတယ်။ အဲဒီတော့ ဒီသတင်းတွေက အထောက်အထားမဲ့ သတင်းတွေပဲ ဖြစ်တယ်လို့ ကျနော်တို့ယူဆပါတယ်။ နဂိုထိန်းသိမ်းမြဲအနေထားအတိုင်းပဲ ရှိနေတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”
RFA - အခု လွတ်ငြိမ်းချမ်းသာအပါအဝင် လက်ရှိ မြန်မာနိုင်ငံကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး NLD ပါတီ CEC အဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဒေါက်တာမျိုးညွှန့် - “မြန်မာနိုင်ငံလက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းဟာ ကျနော်တို့မြင်တာကတော့ အင်မတန်ကို အရေးကြီးတဲ့ အခက်အခဲဆုံးအခြေအနေကို ရောက်နေပါပြီ။ အဲဒီတော့ အပေါ်ယံကျော အပြောင်းအလဲ လောက်နဲ့ မပြီးဘဲနဲ့ အခြေခံကျတဲ့ အပြောင်းအလဲမျိုးကို နိုင်ငံပေါ်မှာ စေတနာထားတာ သက်သက်နဲ့ အောင်မြင်အောင် ဆောင်ရွက်ဖို့လိုပါပြီ။ အပေါ်ယံကျောလုပ်ယုံနဲ့တော့ ကျနော်တို့ ပြုပြင်ပြောင်းလဲနိုင်မဲ့ ကိစ္စမဟုတ်ပါဘူး။ လေးလေးနက်နက်ထားပြီးတော့ အဖက်ဖက်ကနေ ပူးပေါင်းဆောင်ရွက်ရမဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘက်တစ်ဖက်တည်းက မိမိလိုလားချက်ကို ရှေ့တန်းတင်ပြီး မိမိလိုချင်တာကိုပဲရအောင် နည်းအမျိုးမျိုးနဲ့ အကောင်အထည်ဖော်နေမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံအတွက်က အလားအလာ မှေးမှိန်နေမှာပါ။”
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ဗိုလ်ချုပ်တွေက နေပြည်တော်က နိုင်ငံတော်သမ္မတနေအိမ်ကို ဝင်ရောက်စီးနင်းပြီး သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်က စွပ်စွဲတဲ့ အမှုပေါင်း ရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
