ရဲနဲ့ ရပ်ကွက်လူကြီးကို ရိုက်တဲ့ တရုတ်နိုင်ငံသား ငါးဦး အာမခံနဲ့ပြန်လွတ်

အောင်သိင်္ခ
2019.12.09
chinese-FMIcity-622.jpg လှိုင်သာယာမြို့နယ် F.M.I City မှာရှိတဲ့ တရုတ်နိုင်ငံသားတွေနေတဲ့အိမ်ကို ၂၀၁၉ ဒီဇင်ဘာ ၈ ရက်နေ့ညက တွေ့ရစဉ်
Photo: Nan Shwe Yamin's FB

ဒီဇင်ဘာ ၈ ရက်နေ့ ညပိုင်းက တရုတ်နိုင်ငံသားတွေရဲ့ ကားဟာ နေအိမ်တစ်လုံးရှေ့ ပိတ်ရပ်ထားတဲ့အတွက် လမ်းသွားလမ်းလာတွေ အဆင်မပြေကြောင်း ပြောဆို အငြင်းပွားမှုမှာ လာရောက် စစ်ဆေးတဲ့ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို သူတို့က ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို သာမန်နာကျင်စေမှု၊ အားပေးကူညီမှု ရာဇသတ် ကြီးပုဒ်မ ၃၃၂/ ၁၁၄ နဲ့ အမှုဖွင့်ထားပြီး အာမခံပေးလို့ရတဲ့ အမှုဖြစ်တဲ့အတွက် အခင်းဖြစ်ပြီးနောက် အာမခံပေးလိုက်တာ ဖြစ်တယ်လို့ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်ဇော်က ပြောပါတယ်။

“ကားပိတ်ရပ်တယ် သွားပြောတော့ အခြေအနေဖြစ်ကြတယ် ဌာနဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ ရဲဝင်ထိန်းတဲ့အခါကျတော့ ရိုက်ဟယ်ပြုဟယ်နဲ့ ဒဏ်ရာဟိုဘက်ဒီဘက် နည်းနည်းပါးပါး ရသွားတာပေါ့ ကျနော်တို့ဆီကတော့ ပွန်းတာပဲ့တာ ငါးယောက်လောက်ပဲ ရှိပါတယ်။ ရဲကတစ်ယောက်တည်း အုပ်ချုပ်ရေးအဖွဲ့က ငါးယောက် ငါးယောက်လုံး တရားစွဲဖို့လုပ်ထားတယ် အာမခံပေးထားတယ်ဗျ သူတို့လည်း ဒဏ်ရာရတယ် သူတို့လည်း ဆေးကုရအုံးမှာလေ”

ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး အမှုအခင်းတွေ အမြောက် အမြား ဖြစ်ပွားကြောင်း လိမ်လည်မှု၊ အကျိုးဖျက်ဆီးမှုတွေ ဖြစ်ပွားနေကြောင်း ရဲမှူး ခင်ဇော်က ပြောပါတယ်။

ဝိုင်းဝန်းရိုက်နှက်တဲ့အတွက် ရာအိမ်မှူး ဦးသိန်းထွန်းနဲ့ အတူပါလာတဲ့ ဦးထွန်းလွင်၊ ဦးစန်းဦး၊ ဦးမြင့်စိုးတို့ဟာ ခေါင်းပေါက်၊ ဖူးရောင်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် စိုးရိမ် စရာမရှိဘူးလို့ သိရပါတယ်။

ရိုက်နှက်မှု ကျူးလွန်ခဲ့တယ် ဆိုတဲ့ တရုတ်နိုင်ငံသား ငါးဦးဟာ တရားဝင် နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူတွေကတော့ FMI အိမ်ယာအတွင်း နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေဟာ တရားဝင် နေထိုင်ခြင်း ရှိ၊ မရှိ၊ အခြားအမှုတွေကိုလည်း ငွေပေးပြီး ကျူးလွန်နေကြတယ်ဆိုတာမျိုးတွေကို လူမှုကွန်ယက် စာမျက်နှာတွေမှာ ရေးသားနေကြပါတယ်။

လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က မြို့နယ်ထဲမှာ တရုတ်နိုင်ငံသားတွေ အမြောက်အမြားရှိနေကြောင်း၊ မြန်မာနိုင်ငံရဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာမှု မရှိတဲ့ နိုင်ငံခြားသားထဲမှာ တရုတ်နိုင်ငံသားတွေက များတယ်လို့ ပြောပါတယ်။

“လှိုင်သာယာမှာက တရုတ်နိုင်ငံသားတွေက အဆပေါင်းများစွာ များလာတယ်၊ တရုတ်လုပ်ငန်းတွေက လည်း များလာတယ်။ လုပ်ငန်းကပေါင်းစုံတာပေါ့ဗျာ လုပ်ငန်းများလာတော့ တရုတ်နိုင်ငံသားတွေလည်း ဒီမှာရပ်ကွက်အသီးသီး နီးပါးရှိတယ်၊ အမှုအခင်းတွေလည်းများတယ် ပြဿနာတွေလည်း များလာတာပေါ့။ မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာမှုတွေက တရုတ်နိုင်ငံသားတွေက လိုက်နာမှု အားနည်းတယ်၊ အားနည်းတဲ့အပေါ်မူတည်ပြီးတော့ ကျနော်တို့ နိုင်ငံရဲ့ တချို့သောမူဝါဒတွေကလည်း နိုင်ငံခြားသား ဖြစ်တဲ့အခါကျတော့လည်း တချို့သောမူဝါဒတွေအရက အရေးယူရတာ နည်းနည်းလေး ဌာနဆိုင်ရာတွေ အနေနဲ့ အရေးယူရတာ နည်းနည်းလေး တွန့်ဆုတ်နေတဲ့ သဘောရှိတယ်”

လှိုင်သာယာမြို့နယ်မှာ စက်ရုံအလုပ်ရုံတွေ အမြောက်အမြားရှိနေပြီး နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းတွေ အများအပြား လာရောက်ရင်းနှီးမြှုပ်နှံ နေထိုင်ကြပါတယ်။ တရုတ်နိုင်ငံသားတွေ ပြစ်မှုကျူးလွန်တာတွေ စတာတွေနဲ့ ပတ်သက်ပြီး အချို့သက်ဆိုင်ရာဌာနနဲ့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေက အရေးယူမှု အားနည်းနေပြီး အဂတိ တရားရှိနေတယ်လို့ ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

“အခုအချိန်ထိ လှိုင်သာယာမှာ ရပ်ကွက်အုပ်ချုပ်ရေး အပါအဝင် သက်ဆိုင်ရာဌာနအပါအဝင် အဂတိတွေ တချို့ရှိကြတဲ့အတွက် ဒါသည် စနစ်တကျနဲ့ ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာ ဒါကလည်း ဆက်နွယ်နေမှာပဲ။ ရပ်ကျေးတာဝန်ရှိသူတွေ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေ မြို့နယ်မှာရှိတဲ့ သက်ဆိုင်ရာဌာနတွေ နောက်တစ်ခါ ခရိုင်၊ တိုင်း စတဲ့ဌာနတွေက ဖိဖိစီးစီးနဲ့ ထိထိရောက်ရောက် မကိုင်တွယ်တဲ့ အနေအထားမှာ ဒါတွေက ပိုဆိုးလာတာ”

ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဌာနဝန်ကြီး ဒေါ်မိုးမိုးစု ကြည်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ-- FMI City အိမ်ယာအတွင်း တရုတ်နိုင်ငံသား အများစုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ကြောင်း၊  လက်ရှိမှာလည်း ပြစ်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသား ငါးယောက်ကို နေအိမ်ငှားရမ်းထားတဲ့ အိမ်ရှင်ကိုပါ လဝက ဥပဒေနဲ့ အရေးယူထားကြောင်း ပြောပါတယ်။

“အဲဒီဟာက အမတို့ လဝက ဥပဒေအရကတော့ ဒါဖောင်စီတိုင်ကြားခြင်း မရှိဘူးဆိုလို့ရှိရင်တော့ အရင်ဦးဆုံး အမတို့ လဝကဥပဒေနဲ့ အညီဆောင်ရွက်နိုင်အောင် အိမ်ရှင်ကို အရင်ဦးဆုံး ဘာပဲပြောပြော မနေ့ကဖြစ်တဲ့အချိန်ဆိုရင် အိမ်ရှင် လဝကဥပဒေနဲ့ အမတို့ တရားစွဲထားတယ် ဘာကြောင့် လဲလို့ပြောရင် ကိုယ့်အိမ်မှာလာငှားနေတဲ့ နိုင်ငံခြားသားအားလုံး ဖောင်စီတိုင်ရမယ်ဆိုတာ အိမ်ရှင်တွေ အားလုံး သိကြတာလေ၊ သူတို့တိုင်ကြားထားခြင်းမရှိတဲ့အတွက်တော့ အမတို့ကို အိမ်ရှင်ကိုတော့ ဥပဒေနဲ့အညီ အရေးယူထားတယ်ပေါ့နော်”

ဒါ့အပြင် FMI အိမ်ယာထဲမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို စိစစ်ဖို့အတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေလည်း ရှိနေကြောင်း၊ မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေကို လိုက်နာမှုအားနည်းတဲ့ထဲမှာ တရုတ်နိုင်ငံသား အများဆုံး ဖြစ်ပေမယ့် နိုင်ငံခြားသားအတော်များများ လိုက်နာမှု အားနည်းကြောင်း  ပြောပါတယ်။

ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက လှိုင်သာယာဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေကို အာမခံပေးလိုက်တဲ့အပေါ် သူက အခုလို ပြောပါတယ်။

“ဒီလိုမျိုးနိုင်ငံခြားသားတွေ ကျနော်တို့မြို့နယ်တွေထဲ လာပြီးတော့ နေထိုင်ဆိုလို့ရှိရင် ရဲတို့၊ လဝကတို့က မသိလို့မရပါဘူး။ သိရမှာပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် မြို့နယ်ကိုလည်း တင်ပြရတာတွေ ရှိပါတယ်။ အဆင့်ဆင့်က အဲဒီနေရာတွေမှာ လျော့ရဲနေလို့ ဒီလိုမျိုး တချို့ပြဿနာတွေက တက်တယ်လို့ဘဲ ကျတော်တို့က အကြမ်းအားဖြင့် ကျနော်တို့က ယူဆပါတယ်။”

တရုတ်နိုင်ငံထုတ်ပစ္စည်းတွေကို ရောင်းချတဲ့ဆိုင်တွေ အမြောက်အမြား ရှိနေတာတွေ ရန်ကုန်တိုင်းအတွင်း လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်း လွှတ်တော်မှာ မေးခွန်းတွေမေးခဲ့သူ ဖြစ်ပါတယ်။

လှိုင်သာယာမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေထဲက ပြဿနာအဖြစ်အများဆုံး စက်ရုံတွေဟာလည်း တရုတ်နိုင်ငံသားပိုင် စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

တရုတ်နိုင်ငံသားတွေ ပြစ်မှုကျူးလွန်ချိန်တွေမှာ သက်ဆိုင်ရာဌာနတွေအနေနဲ့ ထိရောက်တဲ့ပြစ်ဒဏ်တွေ ပေး၊ မပေး ဆက်လက်စောင့်ကြည့် သွားမယ်လို့ သူတို့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။