ဆန္ဒပြသူတွေကို တရုတ်လုပ် ဒရုန်းတွေသုံးပြီး စစ်ကောင်စီဖြိုခွဲနေ

2021.05.09
ဆန္ဒပြသူတွေကို တရုတ်လုပ် ဒရုန်းတွေသုံးပြီး စစ်ကောင်စီဖြိုခွဲနေ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ မေ ၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွဲရာမှာ လမ်းညွှန်ကိရိယာအဖြစ် တရုတ်နိုင်ငံလုပ် CH-3A မောင်းသူမဲ့ ဒရုန်းယာဉ်တွေကို မြန်မာစစ်တပ်က အသုံးပြုနေတယ်လို့ Asia Times သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေကို တိုက်ခိုက်ရေးမှာပဲဖြစ်ဖြစ် ဒီမိုကရေစီရေး ဆန္ဒပြတောင်းဆိုသူ တွေကို ဖြိုခွဲရာမှာပဲဖြစ်ဖြစ် နည်းဗျူဟာအရ အသာစီးရအောင် တရုတ်နိုင်ငံလုပ် ဒရုန်းယာဉ်တွေကို မြန်မာစစ်တပ်က သုံးစွဲနေတာလို့ ဆိုပါတယ်။

အခြေအနေတွေ ဘယ်လိုရှိနေသလဲဆိုတာကို အပေါ်စီးကနေမြင်နိုင်အောင်နဲ့ ဘယ်သူ့ကို၊ ဘာကိုပစ်မှတ်ထား မလဲဆိုတာကို သိနိုင်အောင် တရုတ်လုပ်ဒရုန်းတွေကို အသုံးပြုတယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာ မကြာခင် တုန်းကပဲ အာဏာဖီဆန်ရေး CDM ဆန္ဒပြသူတွေကို လက်ဖြောင့်သေနတ်သမားတွေသုံးပြီး ပစ်သတ်ခဲ့တုန်းက ဒရုန်းယာဉ်တွေ ပျံသန်းခဲ့တာကို တွေ့ခဲ့ရတယ်လို့ Asia Times သတင်းကရေးပါတယ်။

တရုတ်နိုင်ငံလုပ် CH-3A ဒရုန်းတွေကို မြန်မာစစ်တပ်က အသုံးပြုနေတာ သေချာတယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် Janes နိုင်ငံတကာ ကာကွယ်ရေး ဆိုင်ရာ လေ့လာမှုအဖွဲ့နဲ့ အမေရိကန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ CSIS တို့က အတည်ပြုကြတယ်လို့ ဆိုပါတယ်။

မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းမှာ အဲဒီ တရုတ်နိုင်ငံလုပ် CH-3A ဒရုန်းတွေ ရပ်နားထားတဲ့ပုံတွေနဲ့တကွ Asia Times သတင်းမှာ ဖော်ပြထားတာပါ။ မြန်မာပြည်သူတွေကို စစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေလို့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတွေ နိုင်ငံတကာအလိုက် ပိတ်ပင်ဖို့ လူ့အခွင့်အရေးအဖွဲ့ အစည်းတွေက အကြီးအကျယ် တိုက်တွန်းနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။