စကားပြောစက်တွေ့လို့ မူးယစ်ဆေးဖြတ်စခန်း ကြီးကြပ်ရေးမှူး အမှုဖွင့်ခံရ

2019-10-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာက မူးယစ်ဆေးဖြတ် အသက်တာသစ် သမ္မာကျမ်းစာသင်တန်းကျောင်းကို တွေ့ရစဉ်
မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာက မူးယစ်ဆေးဖြတ် အသက်တာသစ် သမ္မာကျမ်းစာသင်တန်းကျောင်းကို တွေ့ရစဉ်
Photo: RFA

မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာရှိ မူးယစ်ဆေးဖြတ် သမ္မာကျမ်းစာ သင်တန်းကျောင်းမှာ အစိုးရ အာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ပြီး လက်ကိုင်စကားပြောစက် တွေ့ရှိခဲ့တာကြောင့် ကျောင်းစည်းကမ်း ထိန်းသိမ်းရေးမှူးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နဲ့ အမှုဖွင့်ခဲ့တာပါ။

စက်တင်ဘာလ ၂၆ ရက်နေ့က ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူး ဆရာ ဆိုင်းအောင် ကို နယ်ထိန်း ဒု-ရဲအုပ် ညီညီလင်းက တရားလိုပြုလုပ်ပြီး ကျေးရွာနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။

အမှုဖွင့်တဲ့နေ့မှာပဲ စစ်တပ်အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လူအင်အား ၂၀ ကျော်ခန့်နဲ့ အဲဒီ သင်တန်းကျောင်းကို လာရောက်စစ်ဆေးခဲ့ပြီး သင်တန်းအတွင်းအသုံးပြုနေတဲ့ လက်ကိုင် စကားပြောစက် ငါးလုံးကို သိမ်းယူသွားတယ်လို့လည်း ဆရာဆိုင်းဖာက ပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့က ဥပဒေအရ တားမြစ်ထားတာကို ကိုင်ဆောင်လို့ အမှုဖွင့်ရတာဖြစ်ပြီး သင်တန်းကျောင်းကို သွားရောက်စစ်ဆေးရတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဖြေဖို့အဆင်သင့်မဖြစ်သေးဘူးလို့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်မိုးက ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဟာ မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန်သတ်မှတ်ထားတဲ့ ဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရဝန်ကြီးအဖွဲ့အနေနဲ့ အဖြစ်မှန်ကိုသိရှိပြီး ကူညီပေးဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြထားတယ်လို့  သင်တန်းကျောင်း တာဝန် ခံက ပြောပါတယ်။

မူးယစ်ဆေးဖြတ် အသက်တာသစ် သမ္မာကျမ်းစာသင်တန်းကျောင်းကို မော်ဖောင်းနှစ်ခြင်းအသင်းတော်က အခြေပြုပြီး ကိုယ်ထူကိုယ်ထနဲ့ အသင်းသားတွေက စုပေါင်းဖွင့်လှစ်ထားတာပါ။

မှုးယစ်ဆေးစွဲသူတွေကို ဘာသာတရားနဲ့ အကျင့်စာရိတ္တ ပြန်လည်ကောင်းမွန်လာအောင် ပြုပြင်ထိန်းသိမ်းပေးတဲ့ သင်တန်းကျောင်းဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကနေစတင်ဖွင့်ခဲ့တာဖြစ်ပြီး သင်တန်းသား ဦးရေ တစ်ထောင်ကျော်ရှိပြီး လက်ရှိ အမှတ် စဉ် ၁၂ သင်တန်းမှာ သင်တန်းသား ဦးရေ တစ်ရာကျော် တက်ရောက်နေပါတယ်။

လမ်းလျှောက်စကားပြောစက်တွေကို အရင်က လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေပဲ အသုံးပြုလေ့ရှိပါတယ်။

ဝန်ထမ်းအင်အားများတဲ့ ဟိုတယ်တွေမှာ သုံးကြသလို အခမ်းအနားပြင်ဆင်တဲ့ အလုပ်သမားတွေလည်း သုံးကြပါတယ်။

ဆက်သွယ်ရေးပစ္စည်း ပေါများလာတဲ့ ဒီနေ့ခေတ်မှာတော့ အသုံးပြုမှု ပိုမို ကျယ်ပြန့်လာပါတယ်။ ကန့်သတ်ထားတဲ့ ဆက်သွယ်ရေးပစ္စည်း ဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတဲ့အတွက် ကုန်တိုက်တချို့မှာ တင်ရောင်းသလို အွန်လိုင်းဈေးဆိုင် အများအပြားမှာလည်း ကြော်ငြာထားတာ တွေ့ရမှာပါ။

(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့