ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ကျွဲတဲကုန်းရွာက အရှိုချင်းတိုင်းရင်းသား ခရစ်ယာန် ဓမ္မဆရာ တစ်ဦးဖြစ်တဲ့ ဆလိုင်း ဧလလုံးဝေဟာ ပြည်မြို့အဝင် စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၂၈ ရက်က အဖမ်းခံလိုက် ရတယ်လို့ သူနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဲဒီ စစ်ဆေးရေးဂိတ်မှာ လက်ကိုင်ဖုန်းကို စစ်ဆေးရာစဉ် လက်နက်ပုံတွေ တွေ့လို့ဆိုပြီး အဖမ်းခံလိုက်ရတာ လို့ သူနဲ့နီးစပ်တဲ့ အမည်မဖော်လိုတဲ့ ဓမ္မဆရာတစ်ဦးက RFA ကို ပြောပါတယ်။
"သူက ပုံမှန်ကတော့ ခရစ်စမတ် ဝတ်ပြုကိုးကွယ်ဖို့ သွားတယ်။ သူက PDF လည်း မဟုတ်သလို သူ့ပုံစံကို ကြည့်ပြီး မသင်္ကာဘူးဆိုပြီး အဖမ်းခံလိုက်ရတာပါ "
အသက် ၂၄ နှစ်အရွယ် ဓမ္မဆရာ ဆလိုင်းဧလလုံးဝေဟာ ဒီဇင်ဘာ ၂၆ ရက်က ပေါက်ခေါင်းမြို့နားက ထုံးတောင်ရွာကို ခရစ်စမတ်ပွဲအတွက် သွားပြီးအပြန်မှာ သူနဲ့အတူ လိုက်ပို့တဲ့သူပါ အဖမ်းခံလိုက်ရတာ လို့ ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားတည်ပြုချက် မရသေးသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
သူတို့ကို ဘယ်မှာဖမ်းထားတယ်ဆိုတာ တစ်ပတ်ကြာနေချိန်အထိ မသိရသေးသလို သူ့မိသားစုဝင်တွေ ကလည်း ပြည်မြို့ကို လိုက်လာပြီး ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။