ပြည်သူ့ဂုဏ်ရည်ဆု မေလ ၂၁ ရက်နေ့ ချီးမြှင့်မည်


2016.05.07
citizen-award-620.jpg ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇွန်လ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲမှာ မဖြိုးဖြိုးအောင်ကိုယ်စား ဖခင် ဒေါက်တာနေဝင်းမှ ဆုလက်ခံယူနေစဉ်
Photo: Sann Maw Aung/ RFA

၂၀၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်နဲ့ အထူးဆုရှင်တွေကို ရွေးချယ်ထားပြီး လာမယ့် မေလ ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင် စု မေရီလန်းပြည်နယ်မှာ ဆုချီးမြှင့်ပွဲကျင်းပမှာဖြစ်ပါတယ်။

ဆုရရှိသူတွေရဲ့အမည်တွေကို အဲဒီဆုချီးမြှင့်တဲ့နေ့မှသာ ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ ဆုပေးပွဲဦးဆောင် ကျင်းပသူ ကိုယဉ်ထွေးက ပြောပါတယ်။

"ကျနော်တို့က ပြည်သူ့ဂုဏ်ရည် နှစ်တိုင်းပေးနေတဲ့ ဆုကြီးအပြင် အထူးဆု ၃ ဆုကိုပေးဖို့ ကျနော်တို့ စီစဉ်ထားပါတယ်၊ ပြည်သူ့ဂုဏ်ရည် အမှုဆောင်တွေကနေ ရွေးထားပြီးသွားပါပြီ၊ ဒါပေမဲ့ အဲ့နေ့ရောက်မှ ဘယ်သူရတယ်၊ ဘယ်သူမရဘူးဆိုတာ ကြေညာပေးမှာပါ၊ ပထမတော့ အထူးဆု ၂ ဆုပေါ့လေ၊  ဒါပေမယ့် ရွေးချယ်တဲ့အမှုဆောင်တွေက တကယ်ပေးနိုင်တဲ့ တစ်သီးပုဂ္ဂလပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းနဲ့ လုပ်ကြတယ် ဆိုတော့လည်း အထူးဆု ၃ ဆု ဖြစ် သွားတယ်၊ အထူး ဆုတွေကတော့ ဒေါ်လာတစ်ထောင်စီ ဆုချီးမြှင့်ဖို့ သတ်မှတ်ထားတယ်"

ဒီဆုကို  မြန်မာပြည်တွင်းက လူမှုအဖွဲ့အစည်းတွေအတွက် လိုအပ်တဲ့လုပ်ငန်းတွေမှာ ကိုယ်ကျိုးစွန့် အနစ်အနာခံ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူတွေ၊ အဖွဲ့အစည်းတွေကို ချီးမြှင့်တာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို ပြည်ပရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားမိသားစုတွေနဲ့ ဖွဲ့စည်းထားပြီး ဒီနှစ်က သတ္တမအကြိမ်မြောက် ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။

ဆုပေးပွဲကို မေလ ၂၁ ရက် စနေနေ့ ညနေ ၆ နာရီမှာ မေရီလန်းပြည်နယ် Gaithersburg မြို့က Shady Grove အလယ်တန်းကျောင်းမှာကျင်းပမှာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ရုပ်ရှင်မင်းသား ဦးကျော်သူ၊ စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်၊ ၂၀၀၇ ရွှေဝါရောင်တော် လှန်ရေးကြောင့်ထိန်းသိမ်းခံရတဲ့ သံဃာတော် တွေကို အကူအညီပေးတဲ့ ဒေါ်ရှု၊ ကချင်ပြည်နယ်က စစ်ပွဲသတင်းလိုက်ရင်း ကျည်ဆန်ထိမှန်ပြီး ခန္ဓာ ကိုယ်အောင်ပိုင်း မလှုပ်ရှားနိုင်တော့တဲ့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်သူ ကချင်အမျိုးသား လဖိုင်နော်မိန်းနဲ့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် စတဲ့ပုဂ္ဂိုလ်တွေ ချီးမြှင့်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။