ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ နေရာတိုင်း တိုက်ပွဲပြင်းထန်နေတဲ့အတွက် လွိုင်ကော်မြို့ပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံတွေ ရှိနေပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ လွိုင်ကော်မြို့ပေါ်က မိုင်းလုံးရပ်ကွက်မှာ နှစ်ဖက်တပ်တွေ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေပြီး ဘေးလွတ်ရာကိုထွက်ပြေးနိုင်တဲ့ ဒေသခံတွေရှိသလို နေအိမ်တွေမှာပဲ ပိတ်မိနေတဲ့သူလည်းရှိတာကြောင့် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အခုလောလောဆယ်တော့ အိမ်မှာပဲ ထိုင်နေတယ်၊ ဘယ်မှထွက်လို့မရဘူး၊ ထွက်ဖို့ အခက်အခဲရှိတာပေါ့၊ အခြေအနေစောင့်ကြည့်ဦးတယ်၊ တကယ်လို့ ထွက်လို့ရမယ်ဆို သတင်းနားထောင်ပြီးမှ ထွက်ရရင် ထွက်မှာပေါ့" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့နယ်ဘက်က စစ်ဘေးဒုက္ခသည်တွေ စုပြုံပြီး ရောက်ရှိနေတာဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့ပေါ်ကနေ လွိုင်ကော်မြို့ကို ထွက်ပြေးလာရတဲ့ ဒေသခံ အမျိုးသားတစ်ဦးကလည်း နောက် တစ်နေရာ ထွက်ပြေးဖို့ အခက်အခဲတွ ရှိနေတယ်လို့ RFA ကို ပြောပါတယ်။
"တစ်ယောက်မေးလိုက်လည်း ဘယ်ပြေးမလဲဆို ကြတ်ဂူဘက်ပြေးမယ်၊ ဒါပေမဲ့ အဲဒီ ကြတ်ဂူဘက် မပြေးနိုင်ဘူး၊ ပါလောင်းဘက်တောင်မှ မီးရှို့ဘာညာဆိုတော့ ဘယ်လိုလုပ်မလဲ၊ အဲဒီဘက်မှာလည်း ပစ်နေပြီ" လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၇ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ရှားတောမြို့နယ် သံလွင်အရှေ့ဘက်ခြမ်းမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ပါ လာရောက်ဗုံးကျဲခဲ့တယ်လို့ ကရင်နီ ကာကွယ်ရေး ဒုဝန်ကြီး ခူဒယ်နီယာက RFA ကိုပြောပါတယ်။
“တိုက်လေယာဉ်နဲ့ ငါးခါလောက်လာပြီး ဗုံးလာချသွားတယ်၊ တိုက်ပွဲဖြစ်တဲ့ အနီးအနားမှာ အရင်ဆုံး နှစ်စီး လာတယ်၊ ပြီးတော့ နာရီဝက်လောက်နေတော့ တစ်ခါပြန်လာတယ်၊ ဗုံးကျဲတာ ငါးခါစလုံးပဲ”
ဇန်နဝါရီလ ၆ ရက် မနေ့ကလည်း လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး တွေ တင့်ကားတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေကို တိတိကျကျသိရဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေဟာ လွိုင်ကော်အထွက် ရှားတောမြို့ကိုသွားတဲ့ ပါလောင်းရွာအနီး၊ မိုးဗြဲအထွက် ကယန်းသာယာရွာအနီး ၊ ဒီးမော့ဆိုမြို့ လမ်းမပေါ်က ၆ မိုင်ရွာနဲ့ ဒေါပိုးစီရွာစတဲ့ လွိုင်ကော်မြို့ ထွက်ပေါက် တွေဖြစ်တာကြောင့် ဒေသခံတွေ မြို့ထဲမှာ ပိတ်မိနေကြတာဖြစ်ပါတယ်။
လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် လွိုင်ကော်မြို့ထဲက မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေးလွတ်ရာအမြန်ရှောင်ကြဖို့နဲ့ မထွက်နိုင်သူတွေကတော့ အကာအကွယ်ယူထားကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF - B02) အဖွဲ့က ဒီကနေ့မှာပဲ သတိပေးချက် ထုတ်ပြန်ထားပါတယ်။