ချင်းအမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရတဲ့ အပေါ် CNDJC ကြေညာချက်ထုတ်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်နဲ့ ချင်းပြည်နယ်မှာ ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မပြုသေးတာကို ကန့်ကွက်ကြောင်း ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ CNDJC က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အားလုံးသဘောတူထားတဲ့အတိုင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အဆင်သင့်ဖြစ်အောင်ဆောင် ရွက်ခဲ့ပြီးမှ ကျင်းပခွင့်မပြုတာကိုလက်မခံနိုင်ကြောင်း ဖော်ပြတာဖြစ်တယ်လို့ ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ တာဝန်ခံ ပူးရမ်ကုလ်ကျုံး က ပြောပါတယ်။

"အစိုးရဘက်က စီစဉ်ထားတာက ချင်းရယ်၊ ပအိုဝ်းရယ်၊ ဧရာဝတီတိုင်းဒေသကြီးရယ် ၃ ခု စီစဉ်ထားပါတယ်၊ ဒါပေမဲ့ စစ်တပ်ကနေပြီးတော့ ပြန်ပြီးတော့ တင်လာတာက ဧရာဝတီတိုင်းဒေသကြီးက မဖြစ်နိုင်ဘူးဆိုပြီးတော့ ပဲခူးတိုင်းဒေသကြီး၊ ချင်းမဖြစ်နိုင်သေးဘူးဆိုပြီးတော့ ပအိုဝ်းရယ်၊ ရှမ်းရယ် စစ်တပ်က ပြန်တင်လာတာ ဖြစ် ပါတယ်၊ ကျွန်တော်တို့ကနေပြီးတော့ အဆင့်ဆင့်ပြင်ဆင်ထားရဲ့သားနဲ့ အဋ္ဌမအကြိမ် UPDJC အစည်းအဝေးမှာ ကတော့ အဆင့်သင့်ဖြစ်တဲ့နေရာတွေမှာ လုပ်ဖို့ဆိုပြီး သဘောတူထားပါတယ်၊ ဆုံးဖြတ်ချက်အတိုင်း မလိုက်နာဘဲနဲ့ သူတို့ ကြားထဲမှာ အချင်းချင်းညှိပြီးတော့ ဟိုနေရာလေးစလုပ်၊ ဒီနေရာလေးစလုပ်ဆိုတာမျိုး လုပ်သွားတဲ့ သဘောရှိပါတယ်၊ အစိုးရနဲ့ စစ်တပ်ကြားမှာ အဆင်မပြေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကို အဲလိုလုပ်တာကို လက်မခံနိုင်တဲ့ အကြောင်းပေါ့ ဖော်ပြခြင်းဖြစ်ပါတယ်"

NCA လုပ်ငန်းစဉ်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေပြီးမှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျင်းပရမှာဖြစ်တဲ့အတွက် NCA လုပ်ငန်းစဉ်နဲ့ မကိုက်ညီကြောင်းလည်း ချင်းနိုင်ငံရေး ပါတီခေါင်းဆောင်တွေ က ပြောပါတယ်။

အရင်က ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကို ဇန်နဝါရီလလယ်လောက်မှာကျင်းပဖို့ ပြင်ဆင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ချင်းတမျိုးသားလုံးရဲ့ ဘုံသဘောထားအမြင်တွေနဲ့ မတူကွဲပြားတဲ့အမြင်တွေကို စုစည်းတင်ပြနိုင်ဖို့အတွက် ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကို အဖြစ်မနေကျင်းပဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ CNDJC မှာ ချင်းအမျိုးသားတပ်ဦး CNF ၊ ချင်းနိုင်ငံရေးပါတီ ၇ ခု၊ ချင်းအရပ်ဖက်အဖွဲ့တွေ ပါဝင်ပါတယ်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မကျင်းပသေးဘဲ ဆိုင်းငံ့ထားဖို့ ၉ ကြိမ်မြောက်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC အစည်း အဝေးမှာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။