ပဋိပက္ခတွေကြောင့် လုပ်ငန်းတွေ နှောင့်နှေးရကြောင်း ICRC ပြောဆို


2013.07.08

ရခိုင်ပြည်နယ်အတွင်း ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကြောင့် လူ့အသိုင်းအဝိုင်းနှစ်ခုကွဲကွာနေပြီး၊ ဒေသခံတွေ ဆေးဝါးကုသမှုခံယူဖို့ ဆေးရုံဆေးခန်းတွေဆီ မသွားနိုင်ကြတဲ့အခြေအနေ ဖြစ်နေတဲ့အပြင်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ မသွားရောက်နိုင်တဲ့ အနေအထားမျိုးဖြစ်နေရတယ်လို့ ICRC က သတင်း ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ လူတစ်သောင်းခွဲကျော်အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေရရှိအောင်ကူညီဖို့ စီစဉ်ဆောင်ရွက်ထားကြောင်း ICRC ရဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ အာလိန်းန် အက်ရှလီမန်းန် (Alain Aeschlimann) ကပြောပါတယ်။

ICRC အဖွဲ့ဟာ ဒီနှစ်အစောပိုင်းကစပြီး အကျဉ်းထောင်တွေဆီ ပြန်လည် ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။

ထောင်တွေအတွင်း လှည့်လည်ကြည့်ရှု၊ အကျဉ်းကျနေသူတွေနဲ့ သီးခြား တွေ့ဆုံမေးမြန်းခဲ့ပြီး၊ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ အကျဉ်းသားတွေအတွက် သန့်စင်ခန်းလိုနေရာတွေရရှိရေးစတဲ့ အကျဉ်းထောင်တွင်း အခြေအနေတွေ ပိုကောင်းလာစေဖို့အပြင်၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာရေးတွေ အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ICRC ရဲ့ အကူအညီတွေကြောင့် အကျဉ်းထောင် (၄) ခုက အကျဉ်းသား တစ်သောင်းလေးထောင်အတွက် ရေနဲ့ သန့်ရှင်းရေးဆိုင်ရာ အခြေအနေတွေ တိုးတက်အောင်လုပ်နိုင်ခဲ့ကြောင်း ICRC သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလက ကချင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခဖြစ်နေရာ ဒေသတွေဆီ ဦးဆုံးပထမသွားရောက်ခဲ့ပြီး KIA နဲ့ အစိုးရ စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ ဆေးရုံတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးကုသရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာရေး၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့နေရာတွေက ဒေသခံပြည်သူတွေကို ကူညီထောက်ပံ့ရေးတွေအတွက် တိုးချဲ့ဆောင်ရွက်သွားမယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က သတင်းထုတ်ပြန်ပါတယ်။

ဒီအတွက် ရန်ပုံငွေ ထပ်မံလှူဒါန်းကြဖို့ နိုင်ငံတကာအလှူရှင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။