၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး အိန္ဒိယမှာဆွေးနွေး
2013.10.10
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေများ သုံးသပ်ခြင်းနဲ့ မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေ လေ့လာသုံးသပ်ခြင်း ဟောပြောပွဲတစ်ရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ BAC ခန်းမမှာ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
ဒီဟောပြောပွဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေများကွန်ရက်က တွဲဖက်အထွေထွေအတွင်းအရေးမှူး ဦးသိန်းသန်းဦးက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဟောပြောခဲ့ပါတယ်။
ဒီကနေ့ဟောပြောပွဲနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးသိန်းသန်းဦးက RFA ကို အခုလိုပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ စိန်ခေါ်ချက်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မလား၊ ဖျက်သိမ်းမလား၊ အသစ်ရေးမလား ပိုမိုပြီးတော့ ထဲထဲဝင်ဝင်သိနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၇၄၊ ၄၇ နဲ့ ၂ဝဝ၈ သုံးသပ်ချက်နဲ့ နိုင်ငံတကာဖွဲ့စည်းပုံ အခြေခံဥပဒေများ မိတ်ဆက်ဆိုပြီး ပြောပေးတာဖြစ်ပါတယ် ခင်ဗျာ’’
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနည်းလမ်းမကျဘူး၊ တိုင်းရင်းသားတွေလိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံချက်မရှိဘူးဆိုပြီး အတိုက်အခံနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ပြောဆိုနေကြတာဖြစ်ပြီး၊ ဒီကနေ့ ဟောပြောဆွေးနွေးချက်တွေအရ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတဲ့ သဘောထားတွေကို တွေ့ရတယ်လို့ ကိုသိန်းသန်းဦးက ပြောပါတယ်။
“အကြမ်းအားဖြင့်တော့ ပြင်ဆင်မယ်ပေါ့၊ ဖျက်သိမ်းဖို့ကျတော့ ကြာနိုင်တယ်ဆိုတဲ့အမြင်တွေလည်း ရှိပါတယ်၊ ပြင်ရမယ်ဆိုတာနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုံးဝလက်ခံလို့မရဘူးဆိုတာ တသဘောတည်း ရှိကြပါတယ်’’
ဒီနေ့ဟောပြောပွဲကို နေ့လည်ပိုင်း ၁၂ နာရီခွဲကနေ ၃ နာရီခွဲခန့်အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအင်အားစု ၆ဝ ခန့်တက်ရောက်ခဲ့ပါတယ်။









