အခြေခံဥပဒေပြင်ပေးရေး ပခုက္ကူမှာ လူ ၅ဝဝ လောက်ဆန္ဒပြ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးဖို့အတွက် ကျောင်း သား ကျောင်းသူတွေနဲ့ မြို့ခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ပခုက္ကူ နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုစိုးထွဋ်ဝင်းက ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်မှသာ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေ တိုးတက်ကောင်းမွန်လာမှာဖြစ်တယ်လို့ ပြောပါတယ်။

"ပညာရေးစီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကောင်းမှသာ ကျနော်တို့နိုင်ငံရဲ့ အနာဂတ် ကလည်း ကောင်းနိုင်မှာဖြစ်ပါတယ်၊ အခြေခံဥပဒေပြင်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့ဟာ အခု ၂ဝ၁၅ မှာတက်လာမယ့် ပြည်သူလက်ခံတဲ့အစိုးရဖြစ်လာမယ်၊ ပညာရေးဥပဒေဟာလည်း ကျနော်တို့ ကျောင်း သားတွေကိုယ်စား ပညာရေးတစ်ခေတ်ကို ရောက်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ၄၃၆ ကို အခုလို ဆန္ဒပြတာပါ"

ပြီးခဲ့တဲ့ရက်ပိုင်းက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာကြောင့် ပြင်ဆင်ချက်အားလုံးနီးပါး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ပခုက္ကူတက္ကသိုလ်၊ ပခုက္ကူနည်းပညာတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြို့ခံတွေ စုစုပေါင်း ၅ဝဝ လောက် ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။