ကုန်သေတ္တာတွေ ဆိပ်ကမ်းမှာ စုပုံနေ


2016.05.18
container-port-620.jpg ရန်ကုန်မြို့ ဆိပ်ကမ်းတစ်ခုမှာ ကုန်သေတ္တာတွေကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်ဆိပ်ကမ်းမှာ စုပြုံရောက်ရှိနေတဲ့ ကုန်သေတ္တာ ကွန်တိန်နာ အလုံးရေတစ်သောင်းကျော်ကို ဆိပ်ကမ်းကနေ လာမယ့်သုံးပတ်အတွင်း အမြန်ဆုံးဖယ်ရှားပေးဖို့ စီပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက် တာသန်းမြင့် က ပိုင်ရှင်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေကို ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ဒီနေ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေး ဝန်ကြီးက ဒေါက်တာသန်းမြင့်က ကွန်တိန်နာတွေကိစ္စကို အစိုးရဋ္ဌာန ဆိုင်ရာတွေနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ပြောပါတယ်။

"တစ်ဌာနထဲတော့ မဟုတ်ဘူးဗျ၊ သဘောကတော့ ဒီရန်ကုန်ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ ဌာနပေါင်းစုံပေါ့၊ အစိုးရ ဌာနတွေရော လုပ်ငန်းရှင်များရော ပြောမယ်ဆိုရင်တော့ ဆိပ်ကမ်းအာဏာပိုင်များရော အကောက်ခွန်ဦးစီး ဌာနရော ဆိပ်ကမ်းပိုင်ရှင်တွေရော နောက် Transport Operator တွေရော ကုန်သေတ္တာလုပ်တဲ့ ကုမ္ပဏီတွေရော အန်ကယ်တို့ စီးပွားကူးသန်းလူတွေအားလုံး ပူးပေါင်းပြီးတော့ဖြေရှင်းဖို့ အပြန်အလှန်ဆွေးနွေး တာ တော်တော်ကောင်းပါတယ်"

အဲ့ဒီ ကွန်တိန်နာပုံးတွေဟာ ပြီးခဲ့တဲ့ ဧပြီလ သြင်္ကန်ကာလကစတင်ပြီး ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိနေတာဖြစ် ပါတယ်။

ရန်ကုန်ဆိပ်ကမ်းရဲ့ ကုန်တင်ကုန်ချနိုင်တဲ့ ဧရိယာပမာဏ ကျဉ်းမြောင်းတာအပြင် ပြီးခဲ့တဲ့နှစ်က ကွန်တိန်နာ အလုံးရေ ၅ သိန်းကျော်လောက်သာရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာ ကွန်တိန်နာ အလုံးရေ တစ်သန်းကျော်အထိရှိတာကြောင့် အခုလို ပြဿနာတွေရှိနေတာဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်ဆိပ်ကမ်းဟာ မြို့တွင်းယာဉ်ကြော ပိတ်ဆို့မှုများတဲ့ နေရာမှာရှိနေတာကြောင့် ဆိပ်ကမ်းကိုလာပြီး ကုန်တင်ကုန်ချမယ့်ကားတွေ အချိန်ကြန့်ကြာမှုတွေ ရှိတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

ရန်ကုန်ဆိပ်ကမ်းမှာ ကုန်သေတ္တာတွေ စုပြုံနေတဲ့ အလားတူအဖြစ်မျိုး ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကလည်း ဖြစ်ခဲ့ပေမယ့် အခုအချိန်ထိ ပြေလည်အောင် မဖြေရှင်းနိုင်သေးဘူးလို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။