ကွန်တိန်နာထဲ ပိတ်မိပြီး သေဆုံးခဲ့တဲ့ မြန်မာ အလုပ်သမားတွေထဲက ၃၉ ဦးအတွက် ထိုင်းအစိုးရက နစ်နာကြေးပေးမည်


2017.04.10

လွန်ခဲ့တဲ့ ၉နှစ်က ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့သွားစဉ် အအေးခန်းကွန်တိန်နာထဲမှာ ပိတ်မိပြီး အသက်ရှူ ကြပ် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားတွေထဲက ၃၉ ဦးအတွက် ထိုင်းအစိုးရက လာမယ့် ဧပြီလ ၃၀ရက်နေ့မှာ နစ်နာကြေးပေးအပ်သွားမယ်လို့ သိရပါတယ်။

အဲဒီအလုပ်သမားတွေအတွက် လျော်ကြေးရဖို့ ထိုင်းရှေ့နေများကောင်စီက ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး လျော်ကြေးဘယ်လောက်ရမယ်ဆိုတာကိုတော့ အခမ်းအနားကျင်းပတဲ့ ဧပြီ ၃၀ ရက်ေန့မှ သိရမှာဖြစ်တယ် လို့ ကော့သောင်းမြို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူးကံဝင်း က ပြောပါတယ်။

"ထိုင်းရှေ့နေများကောင်စီကနေ လုပ်ပေးတာ၊ ပမာဏဘယ်လောက်ပေးမယ်ဆိုတာတော့ မသိဘူး၊ သူတို့လာမှပဲ သိမှာခင်ဗျ၊ ၃၀ ရက်နေ့မှပဲသိမယ်၊ သူတို့က ဒီလိုပေါ့၊ နစ်နာကြေး ရသင့်ရထိုက်တယ်ဆိုပြီးတော့ ထိုင်းရှေ့နေ များကောင်စီက ကြိုးစားပေးလို့ အခုလို အခမ်းအနားလေးဖြစ်လာတာ၊ ကျနော်တို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို သူတို့ဆက်သွယ်တယ်၊ ဆက်သွယ်ပြီးမှ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျနော်တို့ကို အခမ်းအနားနဲ့လုပ်ပေးပါဆိုပြီး ကျနော်တို့ကို စီမံခိုင်းတယ်၊ စီမံခိုင်းတော့ ကျနော်တို့ ဖိတ်စာလည်း ဖိတ်ပြီးပြီ၊ ၂၁ ရက်နေ့ သတင်းပို့ရမယ်၊ လာနိုင် မနိုင်၊ အတည်ပြုလို့ရတဲ့သူပဲ လာလို့ရမယ်၊ ကျနော်တို့က အဲဒီ စည်းကမ်းချက် ထဲမှာ တခါတည်းထည့်လိုက်တယ်ခင်ဗျ"

သေဆုံးတဲ့အလုပ်သမားတွေဟာ မွန်ပြည်နယ်က အများဆုံးဖြစ်ပြီး ထားဝယ်၊ ဘားအံ၊ မကွေးနဲ့ ရန်ကုန်က လည်း ပါဝင်တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ အလုပ်သမား ၅၄ယောက်ထဲက အချက်အလက် အခိုင်အမာရရှိတဲ့ ၃၉ ယောက်ရဲ့ မိသားစု ဝင်တွေကို နစ်နာကြေးပေးဖို့အတွက် ထိုင်းနိုင်ငံအစိုးရအဖွဲ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆက်သွယ် ခဲ့တာဖြစ်ပြီး အဲဒီကတဆင့် လူကုန်ကူးမှုတားဆီးရေးအဖွဲ့က မိသားစုဝင်တွေကို ရှာဖွေဆက်သွယ် ခဲ့တာလို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ ၉ နှစ်က မြန်မာအလုပ်သမား အယောက် ၁၂၀ ကို အအေးခန်းကွန်တိန်နာထဲထည့်ပြီး အလုပ်လုပ် မယ့်နေရာကို ခေါ်ဆောင်သွားတဲ့လမ်းမှာ လေအေးပေးစက် ပျက်သွားခဲ့တာကြောင့် အသက်ရှူကြပ်ပြီး ၅၄ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။